- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ပါကစ္စတန်ဘက်သို့ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်မိကြောင်း အိန္ဒိယ ပြော
‘နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှု’ တစ်ရပ်ကြောင့် မတ်လ ၉ ရက်နေ့က ပါကစ္စတန်ဘက်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်မိခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်သည်။
14 Mar 2022

DMG ၊ မတ်လ ၁၄ ရက်
‘နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှု’ တစ်ရပ်ကြောင့် မတ်လ ၉ ရက်နေ့က ပါကစ္စတန်ဘက်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်မိခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်သည်။
“၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ပုံမှန် ထိန်းသိမ်းပြုပြင်ရေးများ ဆောင်ရွက်နေစဉ် နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှုတစ်ရပ်ကြောင့် ပဲ့ထိန်းဒုံးကျည်တစ်စင်း မတော်တဆ မှားယွင်းပစ်ခတ်မိခဲ့သည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပေါက်ကွဲပစ္စည်းများ တပ်ဆင်မထားသည့် အဆိုပါဒုံးကျည်သည် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမာဘက်မြို့မှ ကီလိုမီတာ ၅၀၀ ခန့်အကွာ မီအန်ချာနူးမြို့အနီးတွင် ကျရောက်ပြီး ပျက်စီးသွားသည်ဟု ပါကစ္စတန်အာဏာပိုင်များက ပြောကြားသည်။
“ဒုံးကျည်သည် ပါကစ္စတန်နိုင်ငံတွင်း နေရာတစ်ခုတွင် ကျရောက်ခဲ့ကြောင်း သိရပါသည်။ ဤဖြစ်ရပ်သည် အလွန်အမင်း စိတ်မကောင်းဖွယ်ရာ ဖြစ်သော်လည်း မတော်တဆမှုကြောင့် အသက်ဆုံးပါးရမှု မရှိခဲ့သဖြင့် စိတ်သက်သာရာရကြောင်း” လည်း အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အိန္ဒိယအစိုးရအနေဖြင့် ယခုဖြစ်စဉ်အပေါ် “အရေးတကြီး ကိုယ်တွယ်ဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်စုံစမ်းစစ်ဆေးရေးတစ်ရပ် ပြုလုပ်ရန် ညွှန်ကြားထား” သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြသည်။ နှစ်နိုင်ငံအကြား စစ်ပွဲ သုံးကြိမ်ဖြစ်ပွားထားသလို အသေးစား လက်နက်ကိုင်တိုက်ပွဲများလည်း အများအပြား ရှိသည်။ များသောအားဖြင့် ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှု အငြင်းပွားရမှုကြောင့် ဖြစ်သည်။
နျူကလီးယားပိုင် အိမ်နီးချင်းနှစ်နိုင်ငံအကြား မတော်တဆမှု သို့မဟုတ် မှားယွင်း တွက်ချက်မှုများကြောင့် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ထောက်ပြထားကြသည်။