- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အိန္ဒိယမှာ ဗိဿနိုးဒေဝီဘုရားပွဲအတွင်း လူနင်းမိသဖြင့် အနည်းဆုံး ၁၂ ဦး သေဆုံး
အိန္ဒိယနိုင်ငံ၌ စနေနေ့အစောပိုင်းက ကျင်းပသည့် ဘာသာရေးပွဲတော်တစ်ခုအတွင်း လူနင်းမိသဖြင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦးအထိ ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Jan 2022

DMG ၊ ဇန်နဝါရီ ၂
အိန္ဒိယနိုင်ငံ၌ စနေနေ့အစောပိုင်းက ကျင်းပသည့် ဘာသာရေးပွဲတော်တစ်ခုအတွင်း လူနင်းမိသဖြင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦးအထိ ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကက်ရှ်မီးယားပြည်နယ်၌ ဗိဿနိုးဒေဝီဘုရားကျောင်းသို့ လူပေါင်းသောင်းချီ လာရောက်ခဲ့ကြသည့် စနေနေ့ နံနက် ၃ နာရီခဲ့က အဆိုပါပွဲတော်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယအရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြထားသည်။
“လူတွေက တစ်ယောက်ပေါ်တစ်ယောက် ပြိုလဲကုန်ကြတာ.. နာရီဝက်လောက်အကြာ လူနာတင်ယာဉ် ရောက်လာချိန်အထိ ကျွန်တော်ဆွဲထုတ်ခဲ့တာ ခန္ဓာကိုယ် ရှစ်ခုအထိရှိတယ်။ ကျွန်တော်လည်းမသေတာ တော်တော်ကံကောင်းလို့။ မြင်ခဲ့တာတွေ ပြန်တွေးမိပြီး ခုတိ တုန်နေတုန်းပဲ” ဟု အဆိုပါအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံခဲ့ရသူ ရာဗင်ဒါက အေအက်ဖ်ပီသတင်းဌာနအား ဖုန်းဖြင့် ဖြေကြားသည်။
အဖြစ်အပျက်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ဖိုင်၌ လူအချို့သည် အနင်းမခံရစေရန် သံတိုင်များအပေါ် တွယ်တက်နေသည်ကို တွေ့ရပြီး လူနာတင်ယာဉ်တစ်စီးသည်လည်း လူအုပ်ကြားမှ ထွက်ခွာရန် ကြိုးစားနေသည်ကို တွေ့ရသည်။
ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူလည်း တစ်ဒါဇင်ခန့်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။ ဘုရားကျောင်းသို့ လာရောက်သူ နှစ်သောင်းခွဲခန့် ရှိမည်ဟု အာဏာပိုင်များက ပြောသော်လည်း မျက်မြင်သက်သေများနှင့် သတင်းထောက်များကမူ ထိုထက်ပိုများနိုင်ကြောင်း ခန့်မှန်းကြသည်။
“လာတဲ့သူက တစ်သိန်းထက်မနည်း ရှိလိမ့်မယ်။ ဝင်တဲ့သူစာရင်းကို ဘယ်သူကမှ စစ်နေတာမှ မဟုတ်တာ” ဟု ရာဗင်ဒါက အေအက်ဖ်ပီသို့ ဖြေကြားသည်။
“ကျွန်တော်တို့ထဲက တစ်ယောက်က လူသေအလောင်းတစ်လောင်းကို အပေါ်ကို မြှင့်ယူလိုက်တော့မှ လူတွေက သိပြီး အလောင်းသယ်ဖို့ နေရာဖယ်ပေးကြတာ” ဟု သူက ဆိုသည်။
အိန္ဒိယတွင် ၂၀၀၈ ခုနှစ်က ဘုရားကျောင်းနှစ်ခုအတွင်း လူနင်းမှုကြောင့် သေဆုံးသူစုစုပေါင်း ၃၇၀ ကျော်ရှိခဲ့ပြီး ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်များတွင်လည်း သေဆုံးသူ ၁၀၀ ခန့် အသီးသီးရှိခဲ့သည်။