- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
စားအုန်းဆီတင်ပို့မှုတားမြစ်ချက်ကို အင်ဒိုနီးရှားလယ်သမားများ ကန့်ကွက်ဆန္ဒပြ
အင်ဒိုနီးရှား အသေးစားလယ်သမားများ ရာပေါင်းများစွာသည် အင်္ဂါနေ့တွင် ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျာကာတာနှင့် အခြားဒေသများတွင် ဆန္ဒပြခဲ့ကြပြီး ၎င်းတို့၏ ဝင်ငွေကို လျော့ပါးစေသည့် စားအုန်းဆီတင်ပို့မှုတားမြစ်ချက်ကို အဆုံးသတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။
18 May 2022

DMG ၊ မေ ၁၈
အင်ဒိုနီးရှား အသေးစားလယ်သမားများ ရာပေါင်းများစွာသည် အင်္ဂါနေ့တွင် ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျာကာတာနှင့် အခြားဒေသများတွင် ဆန္ဒပြခဲ့ကြပြီး ၎င်းတို့၏ ဝင်ငွေကို လျော့ပါးစေသည့် စားအုန်းဆီတင်ပို့မှုတားမြစ်ချက်ကို အဆုံးသတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။
ကမ္ဘာ့စားအုန်းဆီ ထိပ်တန်းတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းစားသုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ စားအုန်းဆီကြမ်းနှင့် စားအုန်းဆီနှင့် သက်ဆိုင်သော ကုန်ပစ္စည်းချို့ကို ဧပြီလ ၂၈ ရက်နေ့မှ စတင်ကာ တင်ပို့ရောင်းချမှုရပ်ဆိုင်းခဲ့ပြီး အဆိုပါအဖြစ်အပျက်က ကမ္ဘာ့ဟင်းရွက်ဆီဈေးကွက်ကို တုန်လှုပ်သွားစေခဲ့သည်။
တောင်သူလယ်သမားများသည် စားအုန်းဆီအသီးများ အပြည့်တင်ဆောင်လာသော ထရပ်ကားတစ်စီးနှင့်အတူ ချီတက်လာခဲ့ကြပြီး အစိုးရမူဝါဒကို ဦးဆောင်နေသည့် စီးပွားရေးညှိနှိုင်းရေး ဝန်ကြီးဌာနရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒပြသူများ ကိုင်ဆောင်ထား၍ ကြွေးကြော်နေကြသော ဆိုင်းဘုတ်များထဲမှ တစ်ခုတွင် “မလေးရှားလယ်သမားတွေက အပြုံးတွေပန်ဆင်ထားကြပြီး အင်ဒိုနီးရှားလယ်သမားတွေက ဒုက္ခရောက်နေကြရတယ်” ဟုပါရှိသည်။ မလေးရှားနိုင်ငံသည် စားအုန်းဆီဒုတိယအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှား၏ တင်ပို့မှုပိတ်ပင်ခြင်းကြောင့် လိုအပ်နေသောဈေးကွက်များအား တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။
တင်ပို့မှု ပိတ်ပင်လိုက်ကြောင်း ကြေညာပြီးချိန်မှစ၍ စားအုန်းဆီအသီးဈေးသည် ဒေသဆိုင်ရာ အာဏာပိုင်များက သတ်မှတ်ထားသည့် ကြမ်းခင်းဈေးထက် ရဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အသေးစားတောင်သူလယ်သမားအဖွဲ့ APKASINDO က ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အခြေခံအိမ်သုံးစားသောက်ကုန်များ၏ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ဆက်တိုက်ချမှတ်ခဲ့သော မူဝါဒများ ကျရှုံးခဲ့ပြီးနောက်တွင် စားအုန်းဆီနှင့် ဟင်းချက်ဆီထုတ်လုပ်ရာတွင် အသုံးပြုသည့် စားအုန်းဆီနှင့်သက်ဆိုင်သော ကုန်ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် စားသုံးဆီ ဈေးနှုန်းများ တစ်လီတာလျှင် ရူပီယာ ၁၄ဝဝဝ အထိ ကျဆင်းသွားသည်အထိ လက်ရှိ စားအုန်းဆီတင်ပို့မှု ပိတ်ပင်ချက် ရှိနေမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး အယ်ရယ်လန်ဂါဟာတာတိုက ပြောကြားထားသည်။