အကြမ်းဖက်မှုများ အရှိန်မြှင့်တက်လာမှုနှင့်အတူ အနောက်ဘက်ကမ်းခြေမှာ သုံးဦးသေဆုံး

တစ်ပတ်အတွင်း လူအသေအပျောက်ဖြစ်စေသော တိုက်ခိုက်မှုသုံးခုဖြစ်ပွားပြီးနောက်တွင်  အစ္စရေးလုံခြုံရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းခြေရှိ မြို့တစ်မြို့ကို ကြာသပတေးနေ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

04 Apr 2022

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေရှိ ဂျနင်းမြို့တွင် အစ္စရေး ဝင်ရောက်စီးနင်းမှုအတွင်း သေဆုံးသွားသည့် အမျိုးသားတစ်ဦး၏ ဈာပနကို ပူဆွေးဝမ်းနည်းနေကြသော ပါလက်စတိုင်းသားများ တက်ရောက်ခဲ့ကြသည်။ ဓာတ်ပုံ - AFP

DMG၊ ဧပြီ ၄

တစ်ပတ်အတွင်း လူအသေအပျောက်ဖြစ်စေသော တိုက်ခိုက်မှုသုံးခုဖြစ်ပွားပြီးနောက်တွင်  အစ္စရေးလုံခြုံရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းခြေရှိ မြို့တစ်မြို့ကို ကြာသပတေးနေ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှု သုံးခုအတွင်း ပါလက်စတိုင်းနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး ကျန်တစ်ဦးမှာ ဘတ်စ်ကားပေါ်၌ ဓားထိုးမှုဖြစ်ပွားရာတွင် သေဆုံးခဲ့သည်။

အင်္ဂါနေ့ညက တယ်အဗစ်မြို့အနီးရှိ အော်သိုဒေါက်ဂျူးများနေထိုင်ရာ ဘနေးဘရက်လမ်းမများပေါ်တွင် အမ်-၁၆ ချေမှုန်းရေးရိုင်ဖယ် ကိုင်ဆောင်ထားသည့် ပါလက်စတိုင်းတစ်ဦးက အစ္စရေးအရပ်သား ၂ ယောက်၊ ယူကရိန်းနိုင်ငံသား ၂ ယောက်နှင့် အစ္စရေး-အာရပ် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ကို ပစ်သတ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

IS အဖွဲ့နှင့်ဆက်နွယ်သည့် တိုက်ခိုက်မှုနှစ်ခုအပါအဝင် အစ္စရေးအာရပ်များနှင့် ပါလက်စတိုင်းတို့ မတ်လ ၂၂ ရက်နောက်ပိုင်း တိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက်သည် ၁၁ ဦးအထိ ရှိလာပြီဖြစ်သည်။

ဘနေးဘရက်တိုက်ခိုက်မှုနှင့် ဆက်နွယ်သောသံသယရှိသူများကို ဖမ်းဆီးရန်အတွက် ကြာသပတေးနေ့ နံနက်ပိုင်းက အနောက်ဘက်ကမ်းခြေရှိ ဂျနင်းမြို့တွင် စစ်ဆင်ရေးဆင်နွှဲချိန်၌ ပစ်ခတ်ခံရသော အစ္စရေးစစ်သားများက ပြန်လည်ပစ်ခတ်ခဲ့ရာမှ ယခုနောက်ဆုံး သွေးထွက်သံယိုမှုဖြစ်ပွားခဲ့သည်ဟု စစ်တပ်ကပြောကြားခဲ့သည်။

“ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများက ပစ်ခတ်ခဲ့ကြပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြသည်” ဟု စစ်တပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"အစ္စရေး ကျူးကျော်တပ်ဖွဲ့ဝင်များ" က ပါလက်စတိုင်းနှစ်ဦးဖြစ်သည့် စနက်အဗူအက်တီရာ ၁၇ နှစ် နှင့် ရာဇစ်အယ်ဆဒီ ၂၃ နှစ်တို့ကို ပစ်သတ်ခဲ့သလို နောက်ထပ် လူ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

စနက်အဗူအက်တီရာနှင့် ရာဇစ်အယ်ဆဒီတို့အား နောက်ဆုံး အရိုအသေပေးရန်အတွက် လူအများအပြားက ဂျနင်းမြို့ကိုဖြတ်၍ လိုက်ပါခဲ့ကြပြီး အနက်ရောင်မျက်နှာဖုံး ဝတ်ဆင်ထားသောလူများက မိုးပေါ်သို့သေနတ်များ ပစ်ဖောက်ခဲ့ကြသည်။

ဘနေးဘရက်မြို့တွင် အင်္ဂါနေ့က လူအသေအပျောက်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် ပါဝင်သော တိုက်ခိုက်သူ၏ နေအိမ်တည်ရှိသည့် ယာဘက်ရွာမှ သံသယရှိသူ သုံးဦးအပါအဝင် အနောက်ဘက်ကမ်း တစ်လျှောက် စုစုပေါင်း လူ ၃၁ ဦးကို တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း အစ္စရေးက ပြောကြားသည်။ စီးနင်းမှုအတွင်း အစ္စရေးစနိုက်ပါတစ်ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။