- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
မြန်မာစစ်တပ်ခေါင်းဆောင် အာဏာဆက်လက် ချုပ်ကိုင်ရန် ရည်ရွယ်ထားပုံပေါ်ကြောင်း ကုလပြော
မြန်မာစစ်တပ်ခေါင်းဆောင်များသည် အာဏာကို ခိုင်ခိုင်မာမာ ထိန်းချုပ်ရန် ဆုံးဖြတ်ထားပုံ ပေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သြဂုတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
12 Aug 2021

DMG ၊ ဩဂုတ် ၁၂
မြန်မာစစ်တပ်ခေါင်းဆောင်များသည် အာဏာကို ခိုင်ခိုင်မာမာ ထိန်းချုပ်ရန် ဆုံးဖြတ်ထားပုံ ပေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သြဂုတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယခုလအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရ ကြေညာချက်နှင့် ကိုယ်တိုင် ဝန်ကြီးချုပ်နေရာ ရယူထားခြင်း၊ NLD ပါတီ အနိုင်ရခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခြင်းများကိုလည်း အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာဘာဂျီနာက ထည့်သွင်းပြောကြားသွားသည်။
“NLD ပါတီကို ပယ်ဖျက်လိုက်ပြီ ဆိုတာမျိုးလည်း မကြာမီမှာ ကြားလာရမှာကို ကျွန်မ စိုးရိမ်မိပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာက အရေးယူဆောင်ရွက်မှု အားနည်းတဲ့အတွက် စစ်တပ်ဘက်က တရားဝင်မှုကို မြှင့်တင်နိုင်အောင် ကြိုးပမ်းတဲ့လုပ်ရပ် ဖြစ်ပါတယ်” ဟု ရှရာနာဘာဂျီနာက သတင်းထောက်များကို ပြောကြားသည်။
“ကုလသမဂ္ဂ အဖွဲ့ကြီးဟာ အစိုးရတွေကို အသိအမှတ်မပြုပါဘူး၊ ဒီလို အသိအမှတ်ပြုမှုများဟာ အဖွဲ့ဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်တာ ဖြစ်တယ် ဆိုတဲ့အကြောင်း ကျွန်မ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်” ဟုလည်း သူမက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက တစ်စုံတစ်ရာ အပြောင်းအလဲ ဆောင်ရွက်မှု မရှိသေးသမျှ ကာလပတ်လုံး ကုလသမဂ္ဂ၌ မြန်မာသံအမတ် ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ တရားဝင် သံအမတ်အဖြစ် ရှိနေမည်ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည်လည်း မြန်မာ့ခေါင်းဆောင်များအဖြစ် ရှိနေမည်ဟု သူမက ပြောသည်။
မြန်မာစစ်တပ်ဘက်ကမူ မိမိတို့သည် အာဏာသိမ်းစစ်အစိုးရ မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာပြီး အာဏာလွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်ကြောင်း စောဒက တက်ထားသလို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို အစားထိုး ခန့်အပ်လိုကြောင်း ပြောကြားထားသည်။
မြန်မာသံအမတ်အဖြစ် မည်သူ့ကို အတည်ပြုမည် ဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံများအပေါ်တွင်သာ မူတည်ကြောင်း ရှရာနာဘာဂျီနာက ပြောကြားခဲ့သည်။
“ဒါဟာ ခုချိန်ထိ မအောင်မြင်သေးတဲ့ အာဏာသိမ်းမှုတစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တရားမဝင်ပါဘူး။ ကျွန်မတို့မှာ NLD ရဲ့ တရားဝင်အစိုးရတစ်ရပ် ရှိထားဆဲပါ” ဟု သူမက ပြောသည်။