လူ ၃ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုပြုလုပ်ခဲ့သူများကို အစ္စရေးက လိုက်ရှာနေ

သောကြာနေ့တွင် အီလက်ဒ်မြို့ နယ်နိမိတ်အတွင်း လူသုံးဦး သေဆုံးခဲ့သည့် အကြမ်းဖက်မှု ပြုလုပ်ခဲ့သူများအား အစ္စရေးတပ်ဖွဲ့များဝင်များက လိုက်လံရှာဖွေနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

09 May 2022

မေလ ၅ ရက်က အီလက်ဒ်မြို့ နယ်နိမိတ်အတွင်း တိုက်ခိုက်မှုဖြစ်ပွားရာ နေရာတစ်ခုတွင် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP

DMG ၊ မေ ၉

သောကြာနေ့တွင် အီလက်ဒ်မြို့ နယ်နိမိတ်အတွင်း လူသုံးဦး သေဆုံးခဲ့သည့် အကြမ်းဖက်မှု ပြုလုပ်ခဲ့သူများအား အစ္စရေးတပ်ဖွဲ့များဝင်များက လိုက်လံရှာဖွေနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုပြီးနောက် နာရီပေါင်းများစွာ လွတ်မြောက်နေခဲ့သည့် “အကြမ်းဖက်သမားတစ်ယောက် (သို့မဟုတ်) နှစ်ယောက်” ဟု ရဲတပ်ဖွဲ့က ဖော်ပြထားသောသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများ အများအပြား အသုံးပြု၍ လမ်းပိတ်ဆို့မှုများ ပြုလုပ်ကာ လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။

စွပ်စွဲခံထားရသော အကြမ်းဖက်သမားများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း အနောက်ဘက်ကမ်းခြေသို့ ၎င်းတို့ မထွက်ပြေးနိုင်အောင် တားမြစ်ရန် ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်စ်က ကြေညာခဲ့ပြီး ပါလက်စတိုင်းသံသယရှိသူများ ဖြစ်နိုင်ချေကို ညွှန်ပြသည့် မှတ်ချက်များပေးခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ပါလက်စတိုင်းနှင့် အစ္စရေး အာရပ်တို့ ကျူးလွန်ခဲ့သည့် သေစေနိုင်လောက်သည့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ထပ်မံဖြစ်ပွားခဲ့သည့် ယခုတိုက်ခိုက်မှုအတွင်း လေးဦး ဒဏ်ရာရရှိသွားသည်ဟု သေဆုံးမှုများကို အတည်ပြုပေးခဲ့သည့် မီဂန်ဒေးဗစ်အဒွန် အရေးပေါ်တုံ့ပြန်ရေး ဌာနက ပြောကြားသည်။

"အကြမ်းဖက်သမားတွေကို ကျွန်တော်တို့ ရအောင်ဖမ်းပြီး တန်ရာတန်ကြေး ပေးဆပ်ခိုင်းမှာပါ" ဟု ဝန်ကြီးချုပ်နက်ဖ်တလီဘန်နက်က ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။

အကြမ်းဖက်မှု မည်ကဲ့သို့ ဖြစ်ပွားခဲ့သည်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တိုက်ခိုက်သူများသည် ဓား သို့မဟုတ် ပုဆိန်များ ယူဆောင်လာခဲ့ကြသည်ဟု အစ္စရေးမီဒီယာအများအပြားက ဖော်ပြကြသည်။

အခြားသတင်းများတွင် တိုက်ခိုက်သူများသည် သေနတ်များအသုံးပြုသည်ဟု ယူဆရကြောင်း ဖော်ပြမှုများလည်း ရှိသည်။

အစ္စရေးလွတ်လပ်ရေးနေ့အတွက် အနောက်ဘက်ကမ်းကို ပိတ်ဆို့ထားရန် ညွှန်ကြားချက်သည် တနင်္ဂနွေနေ့အထိ အသက်ဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဂန့်စ် ကြေညာထားသည်။

ဗီဒီယိုများ