- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
တောင်အာဖရိကတွင် ကိုဗစ်မျိုးကွဲသစ် တွေ့ရှိ
စိုးရိမ်ဖွယ်ရာကောင်းသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးအား တွေ့ရှိရကြောင်း တောင်အာဖရိကမှ သိပ္ပံပညာရှင်များက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
27 Nov 2021

DMG ၊ နိုဝင်ဘာ ၂၇
စိုးရိမ်ဖွယ်ရာကောင်းသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးအား တွေ့ရှိရကြောင်း တောင်အာဖရိကမှ သိပ္ပံပညာရှင်များက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
သိပ္ပံပညာရှင်များသည် တောင်အာဖရိကရှိ ဂျိုဟန်နစ္စဘက်မြို့ပတ်လည် စီးပွားရေးအချက်အချာ နေရာများ၌ ကိုဗစ်ကူးစက်မှု မြင့်တက်လာနေခြင်းကို လေ့လာရာမှ ပြီးခဲ့သည့် နှစ်ရက်အတွင်း ကိုရိုနာမျိုးကွဲသစ် B1.1.529 ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လက်ရှိ၌ နိုင်ငံအတွင်း မျိုးကွဲသစ်ကူးစက်ခံထားရသူ ၂၂ ဦး တွေ့ရှိထားကြောင်း တောင်အာဖရိက အမျိုးသား ကူးစက်ရောဂါဆိုင်ရာ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ဟောင်ကောင်တွင်လည်း တောင်အာဖရိက ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံထားရသူ နှစ်ဦး တွေ့ရှိထားကြောင်း ဟောင်ကောင်အာဏာပိုင်များက ကြာသပတေးနေ့တွင် ထုတ်ပြန်ထားသည်။
တစ်ဦးမှာ ယခုလအတွင်း တောင်အာဖရိကမှ ရောက်ရှိလာသူဖြစ်ပြီး နောက်တစ်ဦးမှာ ၎င်းကွာရန်တင်းဝင်နေသည့် ဟိုတယ်မှပင် နောက်တစ်ဦးဖြစ်သည်။
ယခုသတင်း ထွက်လာပြီးပြီးချင်း ဗြိတိန်ကလည်း အာဖရိကတောင်ပိုင်း ခြောက်နိုင်ငံမှ လေကြောင်းခရီးစဉ်များအား တားမြစ်လိုက်ပြီဖြစ်သည်။
ဗြိတိန်တွင်မူ လက်ရှိအချိန်အထိ မျိုးကွဲသစ် ကူးစက်မှုကို မတွေ့ရသေးပေ။
ကိုဗစ်ကပ်ဘေးကြီး ဖြစ်ပွားချိန်မှစ၍ မျိုးကွဲသစ် အများအပြား ပေါ်ထွက်မှုများ ရှိလာနေရာ မျိုးကွဲသစ်များနှင့် ပတ်သက်၍ အဓိက စိုးရိမ်ရသည့် အကြောင်းရင်းများမှာ ကပ်ဘေးကာကွယ်ရေး လုပ်ငန်းစဉ်များ ထိခိုက်သည်အထိ အန္တရာယ်ကြီးသလား၊ ကာကွယ်ဆေး အာနိသင်က ထိုမျိုးကွဲသစ်များကို ထိရောက်စွာ တားဆီးနိုင်မည်လား ဆိုသည့်အချက်များ ဖြစ်သည်။
တောင်အာဖရိကနိုင်ငံတွင် ၂၀၂၀ ဒီဇင်ဘာလကလည်း ဘီတာ ကိုဗစ်မျိုးကွဲသစ်ကို စတင်တွေ့ရှိခဲ့ပြီး ထိုမျိုးကွဲသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံ ရ၀ နီးပါးတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။
ဘော့စ်ဝါနာနိုင်ငံတွင်လည်း ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးသား လူ ၄ ဦးထံ၌ ယခုမျိုးစိတ်သစ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း ဘော့စ်ဝါနာကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။