- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကမ္ဘာတစ်ဝန်း နိုင်ငံ ၅၀ ကျော်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများ စတင်
ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၅၀ ခန့်သည် ၎င်းတို့၏ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေကြပြီ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Jan 2021

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၅၀ ခန့်သည် ၎င်းတို့၏ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေကြပြီ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာရှနိုင်ငံများအနက် စင်ကာပူသည် Pfizer-BioNTech ထိုးဆေးဖြင့် ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ကာ ထိုးနှံလျက်ရှိသည်။ အိန္ဒိယ၊ ဂျပန်နှင့် ထိုင်ဝမ်တို့ကမူ ကာကွယ်ဆေးကို ၂၀၂၁ ပထမလေးလပတ်အတွင်း ထိုးနှံရန် စီစဉ်ထားသည်။ ဖိလစ်ပိုင်နှင့် ပါကစ္စတန်တို့သည် ဒုတိယလေးလပတ်၊ အာဖဂန်နစ္စတန်နှင့် ထိုင်းတို့က ၂၀၂၁ နှစ်လယ်ခန့်တွင် ကာကွယ်ဆေး ထိုးရန် စီစဉ်လျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးစတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံတွင်လည်း ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။ တရုတ်က အသုံးပြုမည့်ဆေးသည် တရားဝင်အသိအမှတ် မပြုရသေးပေ။ ထိုးဆေးကို အဓိကလိုအပ်နေသူများအား ဦးစားပေးထိုးနှံလျက်ရှိသည်။
လက်ရှိအချိန်အထိ တရုတ်နိုင်ငံအတွင်း ပြည်သူ ၅ သန်းနီးပါးကို ထိုးနှံပေးထားပြီဖြစ်သည်။ အစိုးရသည် စီနိုဖန်း ကာကွယ်ဆေးအား ယာယီထောက်ခံချက် ထုတ်ပေးထားသည်။ ဤဆေးသည် ကိုဗစ်ကာကွယ်ရာ၌ ၇၉ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိသည်ဟု အစီရင်ခံစာတစ်စောင်က ဆိုသည်။
ရုရှားသည်လည်း ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ ကိုဗစ်ရောဂါ ပြင်းထန်သူများအား Sputnik V ကာကွယ်ဆေးများ ထိုးနှံလျက်ရှိသည်။ ဤဆေးကို ဘယ်လာရုစ်နှင့် အာဂျင်တီးနားနိုင်ငံများတွင်လည်း ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ ထိုးနှံလျက်ရှိသည်။ အယ်ဂျီးရီးယားနိုင်ငံသည်လည်း ဇန်နဝါရီလအတွင်း စတင်ထိုးနှံတော့မည် ဖြစ်သည်။
အနောက်နိုင်ငံများအနက် ဗြိတိန်သည် ကာကွယ်ဆေး ပထမဆုံးထိုးနှံသည့်နိုင်ငံ ဖြစ်သည်။ ဗြိတိန်သည် အမေရိကန်-ဂျာမနီ မိတ်ဘက်ကုမ္ပဏီကုမ္ပဏီက ဖြန့်ချိသည့် Pfizer-BioNTech ကာကွယ်ဆေးအား အတည်ပြုသုံးစွဲခဲ့သည်။ ကာကွယ်ဆေးကို ဒီဇင်ဘာ ၈ ရက်နေ့တွင် စတင်ထိုးနှံခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့အထိ စုစုပေါင်း ပြည်သူ ၉ သိန်းခွဲကို ထိုးနှံပေးထားပြီးဖြစ်သည်။
အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ဒီဇင်ဘာ ၁၄ ရက်၌ စတင်ပြီး၊ ဆွစ်ဇာလန်တွင် ၂၃၊ ဆာဘီးယားတွင် ၂၄၊ ဥရောပသမဂ္ဂရှိ နိုင်ငံအများစုတွင် ၂၇၊ နော်ဝေ ၂၇၊ အိုက်စ်လန်က ၂၉ ရက်နေ့များတွင် ကာကွယ်ဆေး ထိုးနှံမှု စတင်ခဲ့သည်။
အမေရိကန်တွင် လက်ရှိအချိန်အထိ ပထမတစ်ကျော့ ကာကွယ်ဆေး ထိုးနှံထားသူ ၂.၈ သန်းရှိပြီး ဂျာမနီတွင် ၁၃၀၀၀၀ ကျော် ရှိသည်။
ယူအေအီးနိုင်ငံသည် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ မြို့တော် အဘူဒါဘီတွင် တရုတ်ဆေး စီနိုဖန်းအား စတင်ထိုးနှံခဲ့သည်။ ဒူဘိုင်းသည် Pfizer-BioNTech ထိုးဆေးအား ဒီဇင်ဘာ ၂၃ ရက်နေ့တွင် နိုင်ငံအတွင်း စတင်ထိုးနှံခဲ့သည်။
ဆော်ဒီ၊ ဘာရိန်း၊ အစ္စရေး၊ ကာတာ၊ ကူဝိတ်နှင့် အိုမန်နိုင်ငံများတွင်လည်း ကာကွယ်ဆေးများ စတင်ထိုးနှံနေကြပြီ ဖြစ်သည်။