- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကိုဗစ် တတိယလှိုင်း ရင်ဆိုင်နေရသော်လည်း ပါကစ္စတန်ဗလီများတွင် လူပြည့်လျှံဆဲ
ကိုဗစ်တတိယလှိုင်းကို အပြင်းအထန် ရင်ဆိုင်နေရသော်လည်း ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် ဗလီများ၌ ညစဉ်ညတိုင်း လာရောက်ဆုတောင်းကြသော လူအုပ်ကြီးများ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 May 2021

DMG ၊ မေ ၈
ကိုဗစ်တတိယလှိုင်းကို အပြင်းအထန် ရင်ဆိုင်နေရသော်လည်း ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် ဗလီများ၌ ညစဉ်ညတိုင်း လာရောက်ဆုတောင်းကြသော လူအုပ်ကြီးများ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပါကစ္စတန်တွင် စာသင်ကျောင်းများနှင့် စားသောက်ဆိုင်များအား ပိတ်ထားကာ ဈေးဆိုင်များဆိုလျှင်လည်း ညပိုင်းဆိုလျှင် စောစောပိတ်သိမ်းနေကြသည်။ ပါကစ္စတန်စစ်တပ်ကလည်း ကိုဗစ်တိုက်ဖျက်ရေးကို အင်တိုက်အားတိုက် လိုက်နာဆောင်ရွက်ကြရန် ဆော်သြစည်းရုံးလျက်ရှိသည်။
သို့သော်လည်း ပါကစ္စတန်လူထု၏ ၆၄ ရာခိုင်နှုန်းက ကိုရိုနာဗိုင်းရပ်စ်သည် အများပြောနေကြသလောက် အန္တရာယ်မကြီးဟု ယုံကြည်ထားကြဆဲ ဖြစ်ကြောင်း ပါကစ္စတန်သုတေသန ကုမ္ပဏီတစ်ခုဖြစ်သည့် ဂါးလက်ပါကစ္စတန်က ပြုလုပ်သော စစ်တမ်းတစ်ရပ်အရ သိရသည်။
ထို့ပြင် အစ္စလာမ်ဘာသာရေးကို နက်ရှိုင်းစွာ ကိုးကွယ်ယုံကြည်မှုများ ရှိနေသည့် ပါကစ္စတန်၌ ဘာသာရေးဆိုင်ရာ စုရုံးမှုများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပါက လူထုနှင့် ထိပ်တိုက်ရင်ဆိုင်ရခြေ ရှိနေသဖြင့် ပါကစ္စတန်အာဏာပိုင်များသည် ထိုကဲ့သို့ စုရုံးမှုများကို မျက်ကွယ်ပြုထားရသည်။
“အရှင်မြတ်က ကျွန်တော်တို့အပေါ် ကြင်နာပါတယ်။ ဒီရောဂါကို သူပို့ပေးလိုက်တာဆိုရင် ကျွန်တော်တို့ကို ကုသပေးမှာလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ်” ဟု ရာဝါပင်ဒီမြို့ရှိ မာကာဇီဂျာမီးယား ဗလီတွင် လာရောက်ဆုတောင်းသူ ဆော်ဟဲအာရှက်က အေအက်ဖ်ပီသို့ ဖြေကြားသည်။
ပါကစ္စတန်တွင် လက်ရှိအထိ တရားဝင် စာရင်းများအရ ဗိုင်းရပ်စ်ကူးစက်မှု ရှစ်သိန်းခွဲခန့်၊ သေဆုံးသူ ၁ သိန်း ၈ သောင်းခန့် ရှိသည်။ သို့သော် စစ်ဆေးမှုများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေသလို ကျန်းမာရေးစနစ်မှာလည်း ယိုင်နဲ့နဲ့ ဖြစ်နေသဖြင့် အမှန်တကယ် စာရင်းများမှာ ယခုထက် အလွန်အမင်း ပိုများနေမည်ကို စိုးရိမ်မှုများလည်း ရှိနေကြသည်။
ပါကစ္စတန်၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ကိုဗစ်ဒဏ်ကို ကမ္ဘာ့အဆိုးဆုံး ရင်ဆိုင်နေရသည်။ အိန္ဒိယကို အဆိုးဆုံး ဖြစ်သွားစေသည်မှာ ဘာသာရေးဆိုင်ရာ စုရုံးမှုများကို မထိန်းချုပ်နိုင်သည့်အချက် ဖြစ်ကြောင်း ကျန်းမာရေးပညာရှင်များက ထောက်ပြထားသည်။