- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
လုံခြုံရေးသဘောတူညီချက် မူကြမ်းတစ်ရပ် ရုရှားက အမေရိကန်သို့ ပေးပို့
အမေရိကန်၊ နေတိုးတို့နှင့် ညှိနှိုင်းရန်အတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်များ ချမှတ်ရေးဆွဲထားသည့် သဘောတူညီချက် မူကြမ်းတစ်ရပ်ကို ရုရှားက အမေရိကန်သို့ ပေးပို့လိုက်ကြောင်း ကရင်မလင်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
18 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၈
အမေရိကန်၊ နေတိုးတို့နှင့် ညှိနှိုင်းရန်အတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်များ ချမှတ်ရေးဆွဲထားသည့် သဘောတူညီချက် မူကြမ်းတစ်ရပ်ကို ရုရှားက အမေရိကန်သို့ ပေးပို့လိုက်ကြောင်း ကရင်မလင်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
မော်စကို၏ အကြံပြုချက်မူကြမ်းအား ဗုဒ္ဓဟူးနေ့က မော်စကိုသို့ အလည်အပတ် လာရောက်ပြီး ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရွိုက်ကော့ဗ်နှင့် တွေ့ဆုံခဲ့သည့် ဥရောပနှင့် ယူရေးရှားဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးလက်ထောက် ကယ်ရင်ဒန်ဖရိုက်ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သမ္မတပူတင်၏ နိုင်ငံခြားရေးအကြံပေး ယူရီအူရှာကော့ဗ်သည် ရုရှားမူကြမ်းနှင့် ပတ်သက်၍ အမေရိကန် လုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်နှင့် ဗုဒ္ဓဟူးနေ့က ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ကရင်မလင်ပြောခွင့်ရ ဒီမိထရိပက်စကော့ဗ်က ပြောကြားသည်။ မော်စကိုသည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိနေကြောင်းလည်း သူက ဆိုသည်။
စာချုပ်မူကြမ်းတွင် ပါဝင်သည့် အချက်အလက်များနှင့် ပတ်သက်၍မူ ပက်စကော့ဗ်က အသေးစိတ် ရှင်းပြခြင်းမရှိသလို စာချုပ်တွင် မည်သည့်နိုင်ငံများ ပါဝင်လက်မှတ်ထိုးရမည်ကိုလည်း ဖြေကြားခြင်းမရှိပေ။
ရုရှားသမ္မတဗလာဒီမာပူတင်သည် ယခုနှစ်မကုန်ဆုံးမီ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် နောက်တစ်ကြိမ် ပြောဆိုဆွေးနွေးမှု လုပ်ကောင်းလုပ်နိုင်ကြောင်းလည်း ပက်စကော့ဗ်က သတင်းထောက်များကို ဖြေကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ဘိုင်ဒန်နှင့် ပူတင်တို့ ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးရာတွင် သမ္မတဘိုင်ဒန်သည် ယူကရိန်းနယ်စပ်တွင် ရုရှားဘက်က စစ်အင်အား နေရာချထားမှုများအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ အိမ်နီးချင်းယူကရိန်းကို တိုက်ခိုက်ခဲ့မည်ဆိုပါက ရုရှားအနေဖြင့် ပြင်းထန်သော နောက်ဆက်တွဲရလဒ်များ ရင်ဆိုင်ရမည်ဟုလည်း သမ္မတပူတင်က သတိပေးခဲ့သည်။
ရုရှားသည် ယူကရိန်းနယ်စပ်တွင် တပ်ဖွဲ့ဝင်အင်အား ရ သောင်းခန့် နေရာချထားပြီး လာမည့်နှစ် အစောပိုင်းတွင် ကျူးကျော်မှု လုပ်ကောင်းလုပ်နိုင်ခြေ ရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက ပြောကြားထားသည်။
မော်စကိုကမူ အဆိုပါပြောကြားချက်များအား ငြင်းဆန်ထားပြီး ယူကရိန်းအာဏာပိုင်များသည် သူပုန်များ ထိန်းသိမ်းထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေကို ပြန်လည် သိမ်းပိုက်ရန် ပြင်ဆင်နေသည်ဟု စွပ်စွဲထားသည်။ ယူကရိန်းဘက်ကလည်း အဆိုပါစွပ်စွဲချက်အား ငြင်းပယ်ထားသည်။