- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
စင်္ကာပူ ကိုဗစ်ကူးစက်မှု တစ်ရက်တည်းနှင့် ၁၃၀၀၀ အထိ စံချိန်တင်
စင်္ကာပူနိုင်ငံတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြည်တွင်းကူးစက်မှု ၁၃၀၄၆ အထိ စံချိန်တင်တွေ့ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရှေ့တစ်ရက်က ကူးစက်မှုထက် သုံးဆအထိ တစ်ရက်တည်းနှင့် မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။
05 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၅
စင်္ကာပူနိုင်ငံတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြည်တွင်းကူးစက်မှု ၁၃၀၄၆ အထိ စံချိန်တင်တွေ့ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရှေ့တစ်ရက်က ကူးစက်မှုထက် သုံးဆအထိ တစ်ရက်တည်းနှင့် မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံတွင်း၌ ပြီးခဲ့သည့် ၂၈ ရက်တာအတွင်း ကူးစက်မှုစုစုပေါင်း ၈ သောင်းခွဲခန့် တွေ့ရှိထားသော်လည်း ၉၉.၇ ရာခိုင်နှုန်းခန့်မှာ ရောဂါလက္ခဏာ လုံးဝမပြခြင်း သို့မဟုတ် အနည်းအကျဉ်းသာ ပြသည့်အနေအထားတွင် ရှိသည်။
စင်္ကာပူတွင် နိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ကာ ထပ်ဆောင်းအားဖြည့်ဆေး ထိုးနှံထားသူမှာ ၅၉ ရာခိုင်နှုန်းအထိရှိသည်။
ကူးစက်မြန် အိုမီခရွန်မျိုးကွဲကြောင့် စင်္ကာပူတွင် နေ့စဉ်ကူးစက်မှုနှုန်းထားသည် အရေအတွက် ၁ သောင်းခွဲခန့်အထိ မြင့်တက်လာနိုင်ကြောင်း စင်္ကာပူအာဏာပိုင်များက ရှေ့ပိုင်းတည်းက သတိပေးထားသည်။
ကမ္ဘာတစ်ဝန်းတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်းမှာ ၅.၇ သန်းအထိ ရှိနေပြီဖြစ်ကာ ကူးစက်မှုစုစုပေါင်းမှာ သန်း ၄၀၀ ဝန်းကျင် ရှိနေပြီဖြစ်သည်။
သေဆုံးမှုအများအနက် အမေရိကန်နိုင်ငံသည် သေဆုံးသူ ၉ သိန်းကျော်ဖြင့် အများဆုံးဖြစ်ကာ ဘရာဇီးက သေဆုံးသူ ၆ သိန်းကျော်၊ အိန္ဒိယတွင် သေဆုံးသူ ၅ သိန်းခန့်ဖြင့် ထိပ်ဆုံးနေရာတွင် ရှိနေသည်။ အရှေ့တောင်အာရှနိုင်ငံများအနက် အင်ဒိုနီးရှားသည် သေဆုံးမှုအမြင့်ဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးသူ ၁ သိန်းခွဲနီးပါးရှိသည်။
မြန်မာနိုင်ငံတွင် ဖော်ဖော်ဝါရီလ ၄ ရက်နေ့ အစောပိုင်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ်စုစုပေါင်း ၃၁၉ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်းမှာ ၁၉၃၁၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။