- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ညှိနှိုင်းမှုများရှိလာချိန်၌ ယူကရိန်းဘက်က နယ်မြေသတ်မှတ်ချက် ခိုင်မာရေး လိုလားနေ
ယခုသီတင်းပတ်အတွင်း တူရကီနိုင်ငံ၌ ရုရှားနှင့် ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားချိန်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက ယူကရိန်း၏ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ သတ်မှတ်ချက် ခိုင်မာစေရန် လိုလားနေကြောင်း ပြောကြားလျက်ရှိသည်။
29 Mar 2022

DMG | မတ် ၂၉
ယခုသီတင်းပတ်အတွင်း တူရကီနိုင်ငံ၌ ရုရှားနှင့် ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားချိန်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက ယူကရိန်း၏ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ သတ်မှတ်ချက် ခိုင်မာစေရန် လိုလားနေကြောင်း ပြောကြားလျက်ရှိသည်။
သမ္မတ ဇီလင်စကီးသည် အစောပိုင်းတွင် မိမိအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ အလျှော့အတင်းပြုလုပ်ရန် အသင့်ရှိကြောင်း ပြောကြားထားသည်။
သို့သော်လည်း မတ်လ ၂၇ ရက်နေ့က ပြည်သူများထံ ရည်ရွယ်ပြောကြားထားသည့် ဗီဒီယိုဖိုင်၌ ဇီလင်စကီးက အစ္စတန်ဘူလ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများအတွင်း မိမိတို့အစိုးရအနေဖြင့် “နယ်မြေပိုင်ဆိုင်မှု သတ်မှတ်ချက် ခိုင်မာရေး” ကို ဦးစားပေးပြောကြားသွားမည်ဟု ထည့်သွင်းပြောကြားသည်။
သို့သော်လည်း အစောပိုင်းက ရုရှားသတင်းထောက်များနှင့် တွေ့ဆုံမှုတွင်မူ ယူကရိန်းအနေဖြင့် အဟန့်အတားမပြုလုပ်သည့် အနေအထားဖြင့် ရှိနေမည်ဖြစ်သလို ငြိမ်းချမ်းရေးဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအရှေ့ပိုင်း ဒွန်းဘက်စ်ဒေသနှင့် ပတ်သက်၍လည်း ညှိနှိုင်းမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
တွေ့ဆုံညှိနှိုင်းရန်အခြေအနေများ ရှိလာနေသော်လည်း ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းအရှေ့ပိုင်းကို သိမ်းပိုက်လိုစိတ် ရှိနေကြောင်း ယူကရိန်း ထောက်လှမ်းရေးအကြီးအကဲ ကီလိုဘူဒါနော့ဗ်က ပြောသည်။
“သူက ယူကရိန်းကို တောင်နဲ့ မြောက်ကိုရီးယားလို ပုံစံမျိုး ဖန်တီးချင်နေတာ” ဟု သူကဆိုသည်။
တနင်္ဂနွေနေ့က သမ္မတပူတင်နှင့် ဆက်သွယ်ပြောကြားရာ၌ တူရကီသမ္မတ တေးယစ်အာဒိုဂန်သည် ဆွေးနွေးပွဲများ လက်ခံကျင်းပပေးရန် သဘောတူခဲ့ပြီး နှစ်ဘက်အပစ်အခတ် ရပ်စဲကြရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အနေအထားများ တိုးတက်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း တူရကီသမ္မတရုံးက ထုတ်ပြန်သည်။
တူရကီတွင် ယခုသီတင်းပတ်အတွင်း လူချင်းတွေ့ဆုံပြီး ဆွေးနွေးကြမည့် အစီအစဉ်အား ရုရှားနှင့် ယူကရိန်း နှစ်ဘက်လုံးက အတည်ပြုထားသည်။
ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်ခဲ့သည်မှာ လေးပတ်ကျော် ကြာလာပြီဖြစ်သော်လည်း ရုရှားတို့သည် မည်သည့် အထင်ကရမြို့ကြီးကိုမျှ မသိမ်းပိုက်နိုင်သေးပေ။ မိမိတို့အနေဖြင့် မူလရည်မှန်းချက်ဖြစ်သည့် ဒွန်းဘက်စ်ဒေသ လုံခြုံရေးကို ပြန်လည်အာရုံစိုက်သွားမည်ဟု မတ်လ ၂၅ ရက်နေ့က ရုရှားဘက်က ပြောကြားခဲ့သည်။