- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ယူကရိန်းတွင် သေဆုံးရသည့် ရုရှားစစ်သားအများစု ဆင်းရဲသားနှင့် လူနည်းစုတိုင်းရင်းသားများ ဖြစ်နေ
ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ရုရှားကျူးကျော်စစ်အတွင်း သေဆုံးခဲ့ရသော ရုရှားစစ်သည် ထောင်ပေါင်းများစွာအနက် အများစုသည် အလွန်ငယ်ရွယ်သည့် လူငယ်များဖြစ်ကာ ဆင်းရဲသော မိသားစုအသိုင်းအဝိုင်းများမှ ဖြစ်ကြပြီး တိုင်းရင်းသား လူနည်းစုအုပ်စုများမှ အများအပြား ပါဝင်ကြောင်း လေ့လာသူများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 May 2022

DMG ၊ မေ ၁၈
ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ရုရှားကျူးကျော်စစ်အတွင်း သေဆုံးခဲ့ရသော ရုရှားစစ်သည် ထောင်ပေါင်းများစွာအနက် အများစုသည် အလွန်ငယ်ရွယ်သည့် လူငယ်များဖြစ်ကာ ဆင်းရဲသော မိသားစုအသိုင်းအဝိုင်းများမှ ဖြစ်ကြပြီး တိုင်းရင်းသား လူနည်းစုအုပ်စုများမှ အများအပြား ပါဝင်ကြောင်း လေ့လာသူများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရုရှားကျူးကျော်စစ် စတင်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ပြီး ယူကရိန်းတွင် သေဆုံးရသည့် ရုရှားစစ်ဗိုလ်များနှင့် ရာထူးကြီးအရာရှိများအား အနီးကပ် စောင့်ကြည့် ရေတွက်နေကြသည့် အဖွဲ့အစည်းများ ရှိနေကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
ယူကရိန်းစစ်ပွဲတွင် သေဆုံးသော ရုရှားစစ်သား အရေအတွက်သည် တစ်သောင်းခွဲထက် ကျော်လွန်သွားပြီဟု လေ့လာသူများက ယူဆထားသည်။
ဤအရေအတွက်သည် ၁၉၈၀ အလွန်ကာလများက အာဖဂန်ကိုကျူးကျော်စဉ် သေဆုံးခဲ့ရသည့် ဆိုဗီယက်စစ်သားအရေအတွက်ထက် ပိုများသည့် ပမာဏလည်း ဖြစ်သည်။
ရုရှားဘာသာစကားဖြင့် ဖော်ပြသည့် ဝက်ဘ်ဆိုက် မီဒီယာဇိုနာ (Mediazona) က မေလ ၆ ရက်နေ့အထိ ၎င်းတို့ အတည်ပြုထားနိုင်သော သေဆုံးသူရုရှားစစ်သား အရေအတွက်ကို ၂၀၉၉ ဦးဟု ဖော်ပြသည်။
သေဆုံးသူအများအနက် အများစုမှာ အသက် ၂၁ မှ ၂၃ နှစ်အကြားများ ဖြစ်ပြီး အသက် ၂၀ ပင် မပြည့်သေးသူ ရ၄ ဦးအထိ တွေ့ရှိထားသည်ဟု ဝက်ဘ်ဆိုက်က ဖော်ပြသည်။
သေဆုံးသူအများစုသည် ရုရှားတောင်ပိုင်း၊ ရုရှားမြောက်ပိုင်း ကော့ကေးဆပ်ဒေသမှ မူဆလင်များ၊ အလယ်ပိုင်း ဆိုက်ဘေးရီးယား ဒေသခံများဖြစ်ကြောင်း ဒေသန္တရလေ့လာမှုတစ်ခုအရ သိရသည်။
လက်တစ်ဆုပ်စာ အရေအတွက်မျှသော သေဆုံးစစ်သားများသည်သာ မော်စကိုနှင့် စိန့်ပီတာစဘတ် မြို့ကြီးများမှဖြစ်သည်။
“အထူးချွန်ဆုံးနဲ့ ပညာအတတ်ဆုံး စစ်သားတွေက လေကြောင်းနဲ့ အာကာသ၊ မဟာဗျူဟာဒုံးကျည်တပ်ဖွဲ့နဲ့ ရေတပ်လို ဌာနခွဲတွေကို ရောက်သွားကြတာများတယ်” ဟု Riddle Russia အွန်လိုင်းသတင်းဝက်ဘ်ဆိုက်မှ ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ပါဗယ်လူဇင်က အေအက်ဖ်ပီသတင်းဌာနကို ဖြေကြားသည်။
ရုရှားအစိုးရသည် ယူကရိန်းတွင် သေဆုံးခဲ့ရသူ အရေအတွက်အား မတ်လ ၂ ရက်နေ့က ၄၉၈ ဦးဟု ဖော်ပြခဲ့ပြီး မတ်လ ၂၅ ရက်နေ့တွင် စုစုပေါင်း ၁၃၅၁ ဦးအထိ မြင့်တက်လာကြောင်း ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြခြင်း မရှိတော့ပေ။
သေဆုံးသူ ရုရှားစစ်သား အရေအတွက်သည် ၂၇၀၀၀ ရှိပြီဟု ယူကရိန်းတို့က ပြောကြားသည်။ အနောက်အုပ်စုများကမူ ယူကရိန်းတို့ ပြောသလောက် မများဟု ယူဆကြသော်လည်း ရုရှားဘက်က တရားဝင် ထုတ်ပြန်ထားသည့် အရေအတွက်ထက်တော့ အဆပေါင်းများစွာ မြင့်မားမည်ဟု ယူဆကြသည်။