- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ကမ္ဘာ့နိုင်ငံများအတွက် ကိုဗစ်ထိုးဆေး သန်း ၅၀၀ အမေရိကန် လှူဒါန်းမည်
ကိုဗစ်ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ရန် ကြိုးစားနေရသော နိုင်ငံများအတွက် အမေရိကန်က ကိုဗစ်ထိုးဆေး သန်း ၅၀၀ ထပ်မံလှူဒါန်းသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကိုဗစ်-၁၉ ဖြေရှင်းရေး အစည်းအဝေးတွင် ပြောကြားလိုက်သည်။
25 Sep 2021

DMG ၊ စက်တင်ဘာ ၂၅
ကိုဗစ်ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ရန် ကြိုးစားနေရသော နိုင်ငံများအတွက် အမေရိကန်က ကိုဗစ်ထိုးဆေး သန်း ၅၀၀ ထပ်မံလှူဒါန်းသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကိုဗစ်-၁၉ ဖြေရှင်းရေး အစည်းအဝေးတွင် ပြောကြားလိုက်သည်။
စက်တင်ဘာလ ၂၂ ရက်နေ့က ကမ္ဘာ့ခေါင်းဆောင်များ စုဝေးပြုလုပ်သည့် ကိုဗစ်-၁၉ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားချိန်၌ သမ္မတက ယခုကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါသည် လူတိုင်းပါဝင်တိုက်ဖျက်ရမည့် အကျပ်အတည်းကြီးဖြစ်သည်ဟု သမ္မတဘိုင်ဒန်က ဆိုသည်။
အမေရိကသည် ဒုတိယကမ္ဘာစစ်အတွင်း ဒီမိုကရေစီအရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့သကဲ့သို့ပင် ကိုဗစ်ကာကွယ်ဆေး အရေးတွင်လည်း မားမားမတ်မတ် ရပ်တည်သွားမည်ဟု သူကပြောသည်။
အိမ်ဖြူတော်က ပြုလုပ်သည့် အွန်လိုင်းကွန်ဖရင့် အစည်းအဝေးတွင် သမ္မတဘိုင်ဒန် ကတိပြုခဲ့သည့် ပမာဏကိုပါ ထည့်ပေါင်းမည်ဆိုပါက အမေရိကန်က လှူဒါန်းသော ကာကွယ်ဆေးပမာဏသည် ၁.၁ ဘီလျံ ရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဤပမာဏသည် အခြားသော ကမ္ဘာ့နိုင်ငံများ၏ လှူဒါန်းမှုပမာဏစုစုပေါင်းထက် ပိုများသည့် အရေအတွက် ဖြစ်သည်။
“အမေရိကမှာ တစ်ကြိမ်ဆေးထိုးတိုင်း ကမ္ဘာကြီးရဲ့ အခြားတစ်နေရာမှာ သုံးကြိမ်ထိုးနှံနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” ဟု သမ္မတဘိုင်ဒန်က ပြောသည်။
အမေရိကန်သည် လက်ရှိ၌ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်အတွက် ကိုဗစ်ထိုးဆေး သန်း ၁၆၀ ဖြန့်ဝေထားပြီဖြစ်ကြောင်း ဘိုင်ဒန်၏ ပြောကြားချက်အရ သိရသည်။
ယခု အသစ်ထပ်မံ လှူဒါန်းမည့် ကိုဗစ်ကာကွယ်ဆေး သန်း ၅၀၀ မှာ ဖိုင်ဇာထိုးဆေး ဖြစ်ပြီး ဝင်ငွေနည်းနိုင်ငံများနှင့် အလယ်အလတ်နိုင်ငံများထံ လှူဒါန်းမည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြထားသည်။