မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရန် အင်ဒိုနီးရှားနှင့် မလေးရှားခေါင်းဆောင်များ တိုက်တွန်း

စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခကို ဖြေရှင်းရန်နှင့် မွတ်ဆလင်ဒုက္ခသည်များ မလေးရှားနိုင်ငံသို့ ထွက်ပြေးနေကြခြင်းကို ထိထိရောက်ရောက် တားမြစ်ရန် မလေးရှားနှင့် အင်ဒိုနီးရှား ခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

11 Nov 2021

(ဓာတ်ပုံ - Indonesian Presidential Palace via AP)

DMG ၊ နိုဝင်ဘာ ၁၁

စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခကို ဖြေရှင်းရန်နှင့် မွတ်ဆလင်ဒုက္ခသည်များ မလေးရှားနိုင်ငံသို့ ထွက်ပြေးနေကြခြင်းကို ထိထိရောက်ရောက် တားမြစ်ရန် မလေးရှားနှင့် အင်ဒိုနီးရှား ခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကော့၏ အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်၌ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနှင့်အတူ လူနည်းစုမွတ်ဆလင်များ နိုင်ငံကို ထွက်ပြေးမှု ပိုမိုများပြားလာနေသည့် ‘အရေးပေါ်အခြေအနေ’ အပေါ် စိုးရိမ်မှုကို ဖော်ပြခဲ့သည်ဟု အေပီသတင်းက ဖော်ပြသည်။

မွတ်ဆလင်များသာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ အခြေချနိုင်မည်ဆိုပါက မြန်မာမှ မလေးရှားသို့ ဝင်ရောက်လာနေသည့် မွတ်ဆလင်အရေအတွက်သည် သေချာပေါက် ကျဆင်းသွားမည်ဟု မလေးရှားဝန်ကြီးချုပ် ယာကော့က ပြောကြားသည်။ ဂျာကာတာတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံအပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ်များအတွင်း မလေးရှားတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ မွတ်ဆလင်စုစုပေါင်း ၂ သိန်းကျော်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။

ဝန်ကြီးချုပ်ယာကော့၏ ယခုခရီးစဉ်သည် သြဂုတ်လတွင် အာဏာရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။
မြန်မာ၊ အင်ဒိုနီးရှားနှင့် မလေးရှား သုံးနိုင်ငံလုံးသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာလတွင် အာဆီယံအဖွဲ့သည် ၎င်း၏ နှစ်ပတ်လည်ညီလာခံအား မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ခေါ်ဘဲ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် မွတ်ဆလင် ရ သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ အဆိုပါ နယ်မြေရှင်းလင်းရေး အတွင်း မြန်မာစစ်တပ်သည် မုဒိမ်းမှု၊ လူသတ်မှုနှင့် နေအိမ်မီးရှို့မှုများ အမြောက်အများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဗီဒီယိုများ