အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ကြာသပတေးနေ့တွင် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမည်

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် အောက်တိုဘာလ ၂၇ ရက် ကြာသပတေးနေ့တွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အထူးအစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၂၃ ရက်နေ့က ပြောကြားသည်။

By Admin 24 Oct 2022

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ကြာသပတေးနေ့တွင် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမည်

၂၀၂၂ ခုနှစ် သြဂုတ်လက ဖနွမ်ပင်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံမှ တက်ခွင့်မရသဖြင့် နေရာလစ်လပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂၄

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် အောက်တိုဘာလ ၂၇ ရက် ကြာသပတေးနေ့တွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အထူးအစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၂၃ ရက်နေ့က ပြောကြားသည်။

ဂျာကာတာတွင်ကျင်းပမည့် အဆိုပါဆွေးနွေးပွဲ၌ ပြီးခဲ့သည့်နှစ်က မြန်မာစစ်တပ်ခေါင်းဆောင်နှင့် အာဆီယံအကြား ထားရှိခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်မှုအပေါ် ဆွေးနွေးကြမည်ဟု ဝန်ကြီးဌာနပြောခွင့်ရ ချွမ်ဆုန်နရီက ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။

အာဆီယံအဖွဲ့ကြီးသည့် နောက်လအတွင်း အာဆီယံထိပ်သီးညီလာခံ တစ်ရပ် ကျင်းပရန်ရှိနေသည်။ အဆိုပါညီလာခံ မတိုင်မီ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဆက်လက်တွန်းအားပေးသွားရေးနှင့် ပတ်သက်သည့် အကြံပြုချက်များအား ယခုအစည်းအဝေး၌ ဆွေးနွေးမည်ဟု ရိုက်တာသတင်းဌာနသို့ ပေးပို့သည့် ချွန်ဆုန်နရီ၏ စာ၌ ဖော်ပြထားသည်။

အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ထားသည်။

ဘုံသဘောတူညီချက်ငါးရပ်အား မြန်မာစစ်တပ်ဘက်က အကောင်အထည်ဖော်မှု မရှိသလောက် ဖြစ်နေသည့်အပေါ် အာဆီယံနိုင်ငံအချို့က မကျေနပ်ချက်များ ရှိနေသည်။

မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ကိုဗစ်-၁၉ ကပ်ဘေးနှင့် နိုင်ငံမတည်ငြိမ်မှုများကြောင်း အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် အခက်အခဲရှိခဲ့ကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင်အဗ္ဗဒူလာကလည်း အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်သည် လက်ရှိအခြေအနေများနှင့် ဆက်လက်ကိုက်ညီမှု ရှိ၊မရှိကို အာဆီယံအဖွဲ့ကြီးအနေဖြင့် နိုဝင်ဘာလ နောက်ဆုံးထား၍ ဆုံးဖြတ်သွားရန် လိုအပ်ကြောင်း စက်တင်ဘာလအတွင်းက ပြောကြားထားသည်။

မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အာဆီယံအဖွဲ့သည် မြန်မာ့အရေးကို ကူညီဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဧပြီလ၌ ဘုံသဘောတူညီချက်ငါးရပ် ချမှတ်ပြီး အကောင်အထည်ဖော်ရန် သဘောတူဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ အချက်များအနက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် တစ်ဦးခန့်အပ်ရန်ဟူသည့် အချက်ကိုသာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး အခြားအချက်များမှာ လက်ရှိအချိန်အထိ မယ်မယ်ရရ မဆောင်ရွက်နိုင်သေးပေ။

မြန်မာနိုင်ငံသည် လတ်တလောတွင် အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့် တားမြစ်ခံထားရသည်။

မြန်မာအနေဖြင့် အာဆီယံထိပ်သီးညီလာခံမတိုင်မီ ခိုင်မာသော တိုးတက်မှုတစ်စုံတစ်ရာ မပြသနိုင်ပါက အာဆီယအဖွဲ့ကြီးမှ ဆိုင်းငံ့ခံရနိုင်ခြေ ရှိသည်ဟု မလေးရှားနိုင်ငံက သြဂုတ်လအစောပိုင်းက ပြောကြားထားသည်။

ဗီဒီယိုများ