အာဆီယံသံတမန်များ လိုက်ပါလာသည့်ယာဉ်တန်း ရှမ်းပြည်တောင်ပိုင်းတွင် ပစ်ခတ်ခံရမှု အင်ဒိုနီးရှားနှင့် စင်္ကာပူတို့ ရှုတ်ချ

စင်္ကာပူနှင့် အင်ဒိုနီးရှား သံတမန်များ လိုက်ပါလာသည့် အဆိုပါယာဉ်တန်းသည် မေလ ၇ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

By Admin 09 May 2023

ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်က ထုတ်ပြန်သည့် ဓာတ်ပုံ။
ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်က ထုတ်ပြန်သည့် ဓာတ်ပုံ။

လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ရှမ်းပြည်သို့ သွားရောက်သည့် အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး စင်္ကာပူနှင့် အာဆီယံဥက္ကဌ အင်ဒိုနီးရှားတို့က ရှုတ်ချကြောင်း ပြောကြားလိုက်သည်။ စင်္ကာပူနှင့် အင်ဒိုနီးရှား သံတမန်များ လိုက်ပါလာသည့် အဆိုပါယာဉ်တန်းသည် မေလ ၇ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

သေနတ်သမားများက ပစ်ခတ်ခဲ့ပြီးနောက် ယာဉ်တန်းနှင့် လိုက်ပါလာသည့် လုံခြုံရေးယာဉ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုအတွင်း လုံခြုံရေးကားတစ်စီး အနည်းငယ် ပျက်စီးသွားသော်လည်း လူ ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

အဆိုပါယာဉ်တန်းတွင် ရန်ကုန်ရှိ စင်္ကာပူသံရုံးမှ ဝန်ထမ်းနှစ်ဦးလည်း လိုက်ပါသွားပြီး ၎င်းတို့နှစ်ဦးလုံး ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ရန်ကုန်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

“အကူအညီလိုအပ်သူတွေကို ကူညီပေးရာမှာ လူသားချင်းစာနာမှု အကူအညီပေးသူတွေနဲ့ သံတမန်တွေ အနေနဲ့ သူတို့ရဲ့အလုပ်ကို အန္တရာယ်ကင်းစွာနဲ့ ဆောင်ရွက်နိုင်ဖို့ အထူးအရေးကြီးပါတယ်” ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်က ထုတ်ပြန်သည့် ဓာတ်ပုံ။ 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ယခုပစ်ခတ်မှုက အင်ဒိုနီးရှားနှင့် အာဆီယံတို့၏ မြန်မာ့အရေး ဆောင်ရွက်ချက်များကို ရပ်တန့်သွားစေမည် မဟုတ်ကြောင်း ပြောကြားသည်။

“အင်အားသုံးမှုကို ရပ်ကြပါ။ ပြည်သူလူထုသာ နစ်နာမှာ ဖြစ်တဲ့အတွက် အကြမ်းဖက်မှုကို ရပ်တန့်ကြပါ။ ဒီအခြေအနေနဲ့ ဘယ်သူမှ အနိုင်ရမှာ မဟုတ်ပါဘူး” ဟု သူကပြောသည်။ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန်လည်း အင်ဒိုနီးရှားက တိုက်တွန်းကြောင်း ဂျိုကိုဝီဒိုဒိုက ပြောကြားသည်။

မြန်မာ့အရေးတွင် ငြိမ်းချမ်းသော လုပ်ငန်းစဉ်တစ်ရပ် မြန်မြန်ဆန်ဆန် စတင်နိုင်ရေးအတွက် အင်ဒိုနီးရှားသည် မြန်မာစစ်အုပ်စု၊ NUG ၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် တိတ်တဆိတ် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြီးခဲ့သော သီတင်းပတ်က ပြောကြားထားသည်။

ယခုတိုက်ခိုက်မှုနှင့် မိမိတို့ သက်ဆိုင်မှု မရှိကြောင်း NUG အစိုးရက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

PDF နှင့် မြန်မာစစ်ကောင်စီတို့ကို ရိုက်တာဘက်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုရပ်တန့်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ခွင့်ပြုရန် အပါအဝင် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာအကောင်အထည်ဖော်ရန်လည်း အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗီဒီယိုများ