ဘာလုခါလီ ဒုက္ခသည်စခန်းတွင် ARSA နှင့် RSO အကြား အပြန်အလှန် ပစ်ခတ်မှုကြောင့် ငါးဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီးယားမြို့ရှိ ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၈ တွင် ဇူလိုင်လ ၇ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားပြီး လူငါးဦး သေဆုံးခဲ့ကြောင်း BDNews24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 08 Jul 2023

ကော့ဘဇားရှိ ဒုက္ခသည်စခန်းသို့ ဇူလိုင်လ ၆ ရက်နေ့က ရောက်ရှိလာသည့် ရှေ့နေချုပ် အေအေခန်။ ဓာတ်ပုံ - BDNews24
ကော့ဘဇားရှိ ဒုက္ခသည်စခန်းသို့ ဇူလိုင်လ ၆ ရက်နေ့က ရောက်ရှိလာသည့် ရှေ့နေချုပ် အေအေခန်။ ဓာတ်ပုံ - BDNews24

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီးယားမြို့ရှိ ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၈ တွင် ဇူလိုင်လ ၇ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားပြီး လူငါးဦး သေဆုံးခဲ့ကြောင်း BDNews24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သောကြာနေ့နံနက် ၅ နာရီခွဲခန့်က အဆိုပါ ပစ်ခတ်မှုသည် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့အကြား ဖြစ်ပွားခဲ့ခြင်းဟု ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း (APBn) က ပြောကြားသည်။

သေဆုံးသူ ငါးဦးလုံးမှာ ARSA အဖွဲ့မှဖြစ်ကာ အခင်းဖြစ်ပွားရာ နေရာ၌ သုံးဦးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

နယ်မြေထိန်းချုပ်ရေး ကြိုးပမ်းမှုများကြောင့် နှစ်ဘက်အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လက်လုပ်သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် မွတ်ဆလင် ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိ၌ မွတ်ဆလင်ဒုက္ခသည်စုစုပေါင်း တစ်သန်းကျော် နေထိုင်လျက်ရှိသည်။ အဆိုပါဒုက္ခသည်များအကြား ပညာရေး၊ ကျန်းမာရေး အစရှိသည့် အခြေခံလိုအပ်ချက်များသည် အဘက်ဘက်က ချို့ယွင်းလျက်ရှိကာ ရာဇဝတ်မှုများမှာလည်း ထူပြောလျက်ရှိသည်။

မြန်မာစစ်တပ်၏ မွတ်ဆလင်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးနေသည့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) ၏ ရှေ့နေချုပ် ကယ်ရင်အေအေခန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ လာရောက်ခဲ့ပြီး နောက်တစ်ရက်၌ ယခုကဲ့သို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက်နေ့ကလည်း ဒုက္ခသည်စခန်း ဘလောက် အေဝမ်းတွင် အေအေခန်သည် ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းနေစဉ် ကူတူပါလောင် ၁ အနောက်စခန်းရှိ ဘလောက်အေနိုင်းတွင် စခန်း၏ လက်ထောက်ခေါင်းဆောင်အား လူအချို့က ဓားဖြင့် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

ဗီဒီယိုများ