မြန်မာ့အရေးအတွက် အထူးစိုးရိမ်ကြောင်း ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသည့် ပဋိပက္ခများအရေးက အထူးလွှမ်းမိုးလျက်ရှိသလို အာဆီယံအဖွဲ့ကြီးသည်လည်း အကောင်အထည်ပေါ်မလာသည့် လုပ်ဆောင်ချက်များကြောင့် ဝေဖန်ခံနေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 10 May 2023

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့က အဖွဲ့လိုက်ဓာတ်ပုံမှတ်တမ်း ရိုက်ယူရန် ပြင်ဆင်နေကြသော အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့က အဖွဲ့လိုက်ဓာတ်ပုံမှတ်တမ်း ရိုက်ယူရန် ပြင်ဆင်နေကြသော အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

မြန်မာနိုင်ငံတစ်ဝန်း မြင့်တက်လာနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း အာဆီယံအဖွဲ့က မေလ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန်သွားရောက်သည့် အာဆီယံယာဉ်တန်း တိုက်ခိုက်ခံရမှုကိုလည်း ရှုတ်ချကြောင်း အဖွဲ့ကြီး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသည့် ပဋိပက္ခများအရေးက အထူးလွှမ်းမိုးလျက်ရှိသလို အာဆီယံအဖွဲ့ကြီးသည်လည်း အကောင်အထည်ပေါ်မလာသည့် လုပ်ဆောင်ချက်များကြောင့် ဝေဖန်ခံနေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်သလို လူသားချင်းစာနာမှု အကူအညီများအား ဘေးကင်းလုံခြုံစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးနိုင်အောင် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန်အတွက် အင်အားသုံးမှုနှင့် မည်သည့်အကြမ်းဖက်မှုပုံစံမျိုးကိုမဆို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း” အာဆီယံအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း၌ အာဆီယံသည် သံတမန်ရေးရာ ချဉ်းကပ်မှုများဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း အကြမ်းဖက်မှုများကို လက်ရှိအချိန်အထိ ဟန့်တားနိုင်ခြင်း မရှိသေးပေ။

မြန်မာစစ်ကောင်စီသည် နိုင်ငံတကာ၏ ဝေဖန်မှုများကို အလေးမထားဘဲ အတိုက်အခံများနှင့် တွေ့ဆုံညှိနှိုင်းရေးကို ငြင်းဆန်လျက်ရှိသည်။

အာဆီယံအဖွဲ့ကြီးသည်လည်း ပြီးခဲ့သောရက်ပိုင်းက ရှမ်းပြည်တောင်ပိုင်းတွင် အာဆီယံယာဉ်တန်း တိုက်ခိုက်ခံခဲ့ရပြီးနောက်၌ ဖိအားများ ပိုမိုရင်ဆိုင်နေရသည်။

“အဆိုပါတိုက်ခိုက်မှုကို မိမိတို့ ရှုတ်ချပြီး ကျူးလွန်သူများအနေဖြင့် တာဝန်ယူမှု ရှိစေရမည်” ဟု အာဆီယံက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဆီယံအဖွဲ့ကြီးသည် အချင်းချင်းညီညွတ်ပါက ကြီးထွားလာနေသည့် ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း လက်ရှိ အာဆီယံဥက္ကဌဖြစ်သူ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

သို့သော်လည်း အကြီးတန်း အင်ဒိုနီးရှားဝန်ကြီးတစ်ဦးကမူ အာဆီယံအဖွဲ့ကြီးသည် လမ်းဆုံလမ်းခွတွင် ရောက်နေပြီး မြန်မာ့အရေးနှင့် အခြားသော ဒေသတွင်း အရေးပေါ်အခြေအနေများကို ဖြေရှင်းနိုင်စွမ်းမရှိပါက အပိုအဖွဲ့အစည်းသက်သက် ဖြစ်သွားနိုင်သည့်အန္တရာယ် ရှိနေသည်ဟု ပြောကြားသည်။

အာဆီယံအဖွဲ့ကြီးတွင် အဖွဲ့ဝင်အားလုံးက သဘောတူလက်ခံမှ ဆုံးဖြတ်ချက်များ အတည်ဖြစ်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်း စသည့် စည်းမျှဉ်းများ ရှိနေသဖြင့် မြန်မာ့ပဋိပက္ခကို ဖြေရှင်းရာတွင် အကျပ်အတည်း ကြုံနေရသည်။ အခြားတစ်ဘက်တွင်လည်း မြန်မာ့အရေးသည် ပြည်တွင်းကိုကျော်လွန်ပြီး ဒေသတစ်ခုလုံးအတွက် အန္တရာယ်တစ်ရပ် ဖြစ်လာနေကြောင်း လေ့လာသူများက ထောက်ပြထားကြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ