မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဘာကြောင့် ခက်ခဲနေရသလဲ (ဘာသာပြန်ဆောင်းပါး)

တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပုံရိပ်ကြီးမားကြသူတွေ ဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အင်အားကြီးနှစ်နိုင်ငံနဲ့ သူ့ဆက်ဆံရေးမှာ ဟန်ချက်ညီအောင်ဆောင်ရွက်ရပါမယ်။ ဒီအချက်ကပဲ မွတ်ဆလင် ဒုက္ခသည်တွေရဲ့ စိန်ခေါ်မှုကို ဒါကာက ကိုင်တွယ်ဖြေရှင်းရာမှာ သိမ်မွေ့တဲ့ချဉ်းကပ်မှု ဖြစ်လာစေပါလိမ့်မယ်။

Admin 27 Nov 2022

ဓာတ်ပုံ - UNHCR

DMG | နိုဝင်ဘာ ၂၇

မွတ်ဆလင်ဒုက္ခသည်ပြဿနာက ၄ နှစ်ရှိခဲ့ပေမယ့် အလားအလာရှိတဲ့ ဖြေရှင်းချက်မျိုးတွေ မရှိသေးပါဘူး။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည် ၁ သန်းနီးပါးကို နေရပ်ပြန်လည်ခေါ်ဆောင်ဖို့ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ ဖိအားတွေပေးနေပေမယ့် ငြင်းဆန်ခံထားရပြီး အင်အားကြီးနိုင်ငံတွေအပေါ် မှီခိုဖို့ ဖြစ်နေပါတယ်။ အခုလိုစစ်အုပ်ချုပ်ရေးလက်အောက်မှာ သံခင်းတမန်ခင်းတွေ ကလည်း အလုပ်မဖြစ်တော့ဘဲ နိုင်ငံတကာအသိုင်းအဝိုင်း ကလည်း အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားပုံမပေါ်ပါဘူး။

မွတ်ဆလင်ဒုက္ခသည်ဆိုင်ရာ အကျပ်အတည်းက ၂၀၁၇ ခုနှစ်မှာစတင်ခဲ့ပြီး နိုင်ငံမဲ့လူနည်းစုအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရလာခဲ့တဲ့ရလဒ်ပါ။ လူသားချင်းစာနာထောက်ထားမှုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်ဆလင်ဒုက္ခသည်တွေကို သူတို့နိုင်ငံတွင်းမှာ ယာယီခိုလှုံခွင့်ပေးခဲ့ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊ တခြားနိုင်ငံ အသီးသီးမှာရှိတဲ့ အလှူရှင်အေဂျင်စီတွေနဲ့ NGO တွေက နယ်စပ်အနီး စခန်းတွေမှာရှိနေတဲ့ ဒုက္ခသည် ၁ သန်းကျော်ကို နေရာထိုင်ခင်းတွေ ကူညီဆောင်ရွက်ပေးနေကြပါတယ်။

ဒါပေမယ့်လည်း Covid – 19 ကပ်ရောဂါက နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းနဲ့ အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးအပေါ် ပြင်းထန်တဲ့အကျိုး သက်ရောက်မှုတွေကြောင့် ဒုက္ခသည်တွေရဲ့ အခြေအနေတွေက ပိုပြီးဆိုးလာနိုင်စရာရှိပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း အကူအညီနဲ့ နေရပ်ပြန်ပို့ရေးက တစ်ခုတည်းသောရွေးချယ်စရာ ဆိုပေမယ့် ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးနဲ့မဟာဗျူဟာ အကျိုး စီးပွားတွေကြောင့် ဖြစ်လာနိုင်ချေမရှိပါဘူး။

အင်အားကြီးနိုင်ငံများ ချိန်ခွင်လျှာညှိခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီက ပထဝီအရ အဓိကဆုံးဖြတ်ပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ အနီး နားမှာရှိနေတဲ့အတွက်ကြောင့် အိန္ဒိယနဲ့တရုတ်ကို သတိထားနေရပြီး ဟန်ချက်ညီနေဖို့လည်းလိုပါတယ်။ သဘော သဘာဝအားဖြင့်ဆိုရင်လည်း နှစ်နိုင်ငံစလုံးက ဒေသတွင်းမှာ မဟာဗျူဟာအကျိုးစီးပွားတွေရှိနေပြီး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးက ဒေလီနဲ့ဘေဂျင်း တွက်ချက်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

BRI စီမံကိန်းအောက်မှာ တရုတ်နိုင်ငံက ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ဖို့ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံ ရင်းနှီးမြှပ်နှံဖို့စီစဉ်ထားပြီး ဘင်္ဂလားပင်လယ်အော်မှာ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ပြီး ယူနန်ပြည်နယ်နဲ့ ဆက်သွယ်ရေးပိုပြီးကောင်းမွန်ဖို့ စီစဉ်ထားပါတယ်။ သမိုင်းကြောင်းအရ ဘေဂျင်းက မြန်မာနိုင်ငံအတွက် ခိုင်မာတဲ့မဟာမိတ်အဖြစ် သက်သေပြထားပြီး နိုင်ငံတကာက စစ်ကောင်စီကို ဖယ်ထားတဲ့တိုင် ဘေဂျင်းကတော့ စစ်ကောင်စီဘက်မှာ ရှိနေခဲ့ပါတယ်။

အိန္ဒိယကလည်း သူရဲ့အိမ်နီးချင်းနဲ့ နွေးထွေးတဲ့ဆက်ဆံရေးရှိနေခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ ဒေလီရဲ့ “အရှေ့အက်ဥပ ဒေ”မူဝါဒ (၂၀၁၄ ခုနှစ်မှာစတင်ခဲ့တဲ့ “အရှေ့မျှော်ဝါဒ”) မှာ မြန်မာနိုင်ငံနဲ့နယ်နိမိတ် ၁၆၄၃ ကီလိုမီတာထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသတွေမှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကြိုးပမ်းမှုတွေ ပါဝင်ပါတယ်။ တရုတ်ဩ ဇာလွှမ်းမိုးမှုတွေကို တန်ပြန်နိုင်ဖို့ အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ လျှပ်စစ်နဲ့စွမ်းအင်ဆိုင်ရာစီမံကိန်းတွေ၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတွေအပါအဝင် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနဲ့တရုတ်နိုင်ငံတို့က သူတို့နဲ့သက်ဆိုင်တဲ့ မဟာဗျူဟာအကျိုးစီးပွားတွေကို အခိုင်အမာရရှိနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကနည်းလမ်းနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးအရ နီးနီးကပ်ကပ်ဆက်ဆံနေတာကိုတော့ မငြင်းနိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်တဲ့ အင်အားကြီးနှစ်နိုင်ငံက ဘင်္ဂလား ဒေ့ရှ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေအတွက် အဓိကသော့ချက်လည်း ဖြစ်နေပါတယ်။

အိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံစလုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပရောဂျက်တွေအတွက် ရန်ပုံငွေအဖြစ် ချေးငွေတွေ တိုးမြှင့်ပေးခဲ့ပါတယ်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ခဲ့ပြီး ဓာတ်အားပေးစက်ရုံတွေ၊ ရေနက်ဆိပ်ကမ်းနဲ့ မီးရထားလမ်း ဖောက်လုပ်ဖို့အတွက် ချေးငွေဒေါ်လာ ၂၄ ဘီလီယံ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းတော်တော်များများကို အခုဆက်ပြီးဆောင်ရွက်နေပါတယ်။

တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒေါ်လာ ၂ ဘီလီယံ အကြွေးပေးခဲ့ပါတယ်။ ဒါကာနဲ့ ဒေလီရဲ့ဆက်ဆံရေးကလည်း နက်ရှိုင်းလာပါတယ်။ အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၉၇၁ လွတ်မြောက်ရေး စစ်ပွဲမှာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကို ဦးဆောင်ခဲ့ပြီးနိုင်ငံတည်ထောင်သူလည်း ဖြစ်တဲ့ Sheikh Mujibur Rahman ဟာ လက်ရှိအာဏာရပါတီ အဝါမီလိဂ်ပါတီရဲ့ ဝန်ကြီးချုပ် Sheikh Hasina Wazed ရဲ့ ဖခင်ဖြစ်ပါတယ်။ ပထဝီအနေအထားအရ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လက်တွေ့ကျကျ လွှမ်းခြုံထားပြီး သူရဲ့ အိမ်နီးချင်းတွေအတွက် မဟာဗျူဟာမြောက်အရေးပါမှုကို အလေးပေးဖော်ပြနေပါတယ်။

တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပုံရိပ်ကြီးမားကြသူတွေ ဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အင်အားကြီးနှစ်နိုင်ငံနဲ့ သူ့ဆက်ဆံရေးမှာ ဟန်ချက်ညီအောင်ဆောင်ရွက်ရပါမယ်။ ဒီအချက်ကပဲ မွတ်ဆလင် ဒုက္ခသည်တွေရဲ့ စိန်ခေါ်မှုကို ဒါကာက ကိုင်တွယ်ဖြေရှင်းရာမှာ သိမ်မွေ့တဲ့ချဉ်းကပ်မှု ဖြစ်လာစေပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာပဲ မွတ်ဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံက နှင်ထုတ်ခံခဲ့ရပါတယ်။ ရှိတ်ဟာဆီနာအစိုးရက နေပြည်တော်နဲ့ သံတမန်ဆက်ဆံရေး တင်းမာခဲ့ပြီး မြန်မာနိုင်ငံနဲ့ တရုတ်၊ အိန္ဒိယဆက်ဆံရေး ခိုင်မာမှုကို အသိအမှတ်ပြုပေးခဲ့ပါတယ်။ မွတ်ဆလင်ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးတာက ၂၀၀၈ ခုနှစ်ကတည်းက အာဏာရလာခဲ့တဲ့ အဝါမီလိဂ်ပါတီအတွက် နိုင်ငံရေးအရလိမ္မာပါးနပ်မှုလည်း ဖြစ်ပါတယ်။ တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲတွေအပြီးမှာတော့ ပါတီရဲ့ကျော်ကြားမှု ကျဆင်းလာတာကို တွေ့ရပါတယ်။

ဂျပန်နဲ့ရုရှားကိုလည်း ဘင်္ဂလားဒေ့ရှ်အနေနဲ့ ထည့်တွက်ရပါမယ်။ သူတို့တွေကလည်း မြန်မာနိုင်ငံကို သတင်းစကား ပေးနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဂျပန်ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ သူတို့အကျိုးစီးပွားတွေ ရှိနေပါတယ်။ တိုကျိုအနေနဲ့ အကျပ်အတည်းနဲ့ပတ်သက်လာရင် နှုတ်ဆိတ်နေခဲ့ပြီး ကုလသမဂ္ဂမှာ ဆိုရင်လည်း မြန်မာနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ပြဿနာတွေကို ရှောင်ရှားခဲ့ပါတယ်။ “ရိုဟင်ဂျာ”ဆိုတဲ့အသုံးအနှုန်းကို မသုံးဘဲ “ရခိုင်ပြည်နယ်ရှိမွတ်ဆလင်များ”လို့ရည်ညွှန်းသုံးစွဲပေးဖို့ ဂျပန်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။ “သွေး အေး”မှုကိုဖော်ပြတဲ့ ဂျပန် ရဲ့ချဉ်းကပ်မှုက တရုတ်နဲ့မဟာမိတ်ဖြစ်ပြီး အမေရိကန်နဲ့ဂျပန်ရဲ့ ဆက်ဆံရေးကိုဟန်ချက်ညီဖို့ ဂျပန်ရဲ့ကိုယ်ပိုင်ဗျူဟာက အင်ဒို-ပစိဖိတ်ရဲ့ လွတ်လပ်တဲ့အမြင်ကို မြှင့်တင်ရာမှာ တစုံတရာပါဝင်ခဲ့ပါတယ်။

ဒုက္ခသည်တွေဘေးကင်းကင်နဲ့ နေရပ်ပြန်ဖို့သေချာစေရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား ကြားဝင်ဖျန်ဖြေသူ အဖြစ်ဆောင်ရွက်ဖို့ ဂျပန်အနေနဲ့စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ “လိုအပ်နေတဲ့ မိတ်ဆွေ”အဖြစ် ဂျပန်က သူ့ကိုယ်သူပုံဖော်ထားပါတယ်။ မော်စကိုကတော့ စစ်တပ်အတွက် အဓိကလက်နက် ထောက်ပံ့သူပါပဲ။

မွတ်ဆလင်အကျပ်အတည်း ဖြစ်ခဲ့တာ ၃ နှစ်ကြာပြီးနောက် နောက်ထပ်ဒုက္ခသည်တွေ ထပ်ပြီးရောက်ရှိလာနေတဲ့ အတွက် သူတို့ရဲ့အခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲ။ (၂၀၁၉ ခုနှစ်မှာ အနည်းဆုံး ၁၃၀၀ ယောက် အိန္ဒိယနိုင်ငံ ကနေ နယ်စပ်ဖြတ်ကျော်သွားခဲ့သည်) အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကိုပြန်ပို့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိန္ဒိယနိုင်ငံ ထဲဝင်လာတဲ့မွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ်ထဲ ပြန်ပို့လိုက်ပါတယ်။ ဆော်ဒီအာရေဗျကလည်း သူတို့နိုင်ငံထဲဝင် ရောက်လာသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပြန်ပို့ပါတယ်။

မွတ်ဆလင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကမ်းလှမ်းချက်နှစ်ခု မအောင်မြင်ခဲ့တဲ့နည်းတူ နောက်ထပ်ကြိုးပမ်းမှုတွေကလည်း အလားအလာ နည်းပါးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၄ ရက်မှာ ဒုက္ခသည် မိသားစု ၃၀၀ နီးပါးက နေရပ်ပြန်လာတဲ့အခါမှာ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခံရမှာဖြစ်ပြီး နိုင်ငံသားပေးမယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ကမ်းလှမ်းချက်ကို မယုံကြည်တဲ့အတွက် ထွက်ခွာဖို့ငြင်းဆိုခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ထောင်ချီတဲ့ဒုက္ခသည်တွေက နေရပ်ပြန်မရောက်ခင်မှာပဲ သူတို့ကိုနိုင်ငံသားပေးဖို့ အာမခံပေးရမယ်ဆိုပြီး သူတို့ နေထိုင်ရာ ဒုက္ခသည်စခန်းမှာပဲ ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်နိုင်ငံကတော့ ဒုက္ခသည်မွတ်ဆလင်တွေ နေရပ်ပြန်ဖို့အရေး ကြားဝင်ဆောင်ရွက်ပေးမယ်လို့ ယုံကြည်ရပါတယ်။ ဘင်္ဂလားဒေ့ရှ် သတင်းစာတစ်စောင်ကဖော်ပြခဲ့သလိုပဲ မွတ်ဆလင်ဒုက္ခသည်အရေး ကိုင်တွယ်ဖြေရှင်းရာမှာ နေရပ်ပြန်ပို့ဖို့ နှောင့်နှေးနေတာကိုပဲ မြန်မာနိုင်ငံက သဘောကျ ကျေနပ်နေပုံပါပဲ။

OIC ရဲ့ပံ့ပိုးကူညီမှုနဲ့ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကလည်း OIC ကို ဒေါ်လာ ၅၀၀၀၀၀ လှူဒါန်းခဲ့ပါတယ်။ ICJ ကတော့ ဒုက္ခသည် တွေနေရပ်ပြန်တာကိုလက်ခံဖို့ ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကဖိအားတွေပေးဖို့ ၊ မွတ်ဆလင်လူနည်းစုအတွက် အရေးပေါ်အစီအစဉ်တွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုယ်တိုင်ကလည်း ဖိအားပေးခံနေရပါတယ်။

နေရပ်ပြန်ရေးတွင် နောက်ထပ်အတားအဆီးများ

နေရပ်ပြန်ပို့ရာမှာလည်း အတားအဆီးသုံးရပ် ရှိနေပါတယ်။ ပထမအချက်က စစ်အာဏာသိမ်းလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ အလှည့်အပြောင်းပါ။ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး ရုံးတင်စစ်ဆေးခဲ့တဲ့ စစ်ကောင်စီကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံက အထီးကျန်ပြန်ဖြစ်နေပါပြီ။ တရုတ်နိုင်ငံကတော့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်နေပြီး စစ်ကောင်စီကို ထောက်ခံကြောင်း ပြသနေပါတယ်။ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေရဲ့ မကြုံစဖူး တော်လှန်မှုက တိုင်းပြည်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။ နှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ အာဏာသိမ်းခေါင်းဆောင်က ကတိပြုထားပေမယ့် အမျိုးသားရင်ကြားစေ့ရေး အလားအလာကတော့ ဆိုးရွားနေဆဲပါပဲ။ ဆိုလိုတာကတော့ ဒုက္ခသည် မွတ်ဆလင်အရေးကို ဆောင်ရွက်နိုင်ဦးမှာ မဟုတ်သေးဘူးဆိုတာပါပဲ။

ဒုတိယအချက်ကတော့ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာတာက ဒေသတွင်းပထဝီနိုင်ငံ ရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး အင်အားကြီးနိုင်ငံတွေကိုပါ ဂယက်ရိုက်စေခဲ့ပါတယ်။ သက်ဆိုင်တဲ့ ပလေယာတွေ အနေနဲ့ ဗျူဟာမြောက်အရေးကြီးတဲ့ နိုင်ငံအပေါ် ဩဇာလွှမ်းမိုးဖို့ ပြိုင်ဆိုင်နေရတဲ့ အတွက်ကြောင့် တာလီဘန်တွေ ပြန်ပြီးဝင်ရောက်လာတာက ဒေသတွင်း ကွဲပြားသွားစေနိုင်ပါတယ်။ တာလီဘန်ခေါင်းဆောင်တွေဟာ မကြာသေး ခင်ကပဲ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီး အာဖဂန်မှာ ဘေဂျင်းရဲ့စိတ်ဝင်စားမှုကို ပြသခဲ့ပါတယ်။ အိန္ဒိယရဲ့ အဓိက ရန်ဘက် ပါကစ္စတန်နိုင်ငံက ဘေဂျင်းရဲ့မဟာမိတ်ဖြစ်နေတဲ့အတွက် အာဖဂန်မှာ ဩဇာအရှိဆုံးအင်အားစုလည်း ဖြစ်လာနိုင်ပါတယ်။

တတိယအချက်က မွတ်ဆလင်ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပေါင်းစည်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလိုပဲ အလုပ်လုပ်ကိုင်ခွင့်၊ ရွှေ့ပြောင်းသွားလာခွင့်နဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်ခွင့်များ ရယူခွင့်တွေကို ကမ္ဘာ့ဘဏ်က အဆိုတင်သွင်းထားပေမယ့် ဒါကာက ပယ်ချခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အတွက်ကတော့ မွတ်ဆလင် ဒုက္ခသည် မြန်မာနိုင်ငံပြန်ရေးကသာ အဓိကအချက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံကို ဖိအားပေးရာမှာ အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ခံချက်မပါဘဲ ဒုက္ခသည်တစ်သန်းလုံး ထွက်ခွာသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဘုန်းမောင်

“Asia Global Online” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Nurul Huda Sakib” ရေးသားသော “Bangladesh Balances its Relations with Major Powers: Why the Repatriation of Rohingya Refugees is Unlikely” ကိုဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ