ရခိုင်ကရေထွက်ကုန်များကို အခြောက်ပြုလုပ်ရာတွင် ဓာတုဆေးဝါးသုံးစွဲမှု များပြားလာ

စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သော ရခိုင်ပြည်တွင် ရေထွက်ပစ္စည်းများဖြစ်သော ငါး၊ ပုစွန်များကို အခြောက်လှန်းရာ၌ ဓာတုဆေးအသုံးပြုမှု များပြားလာနေသည်။ 

By Admin 09 Mar 2023

ရခိုင်ပြည်အတွင်းမှ ဆိုလာစနစ်ဖြင့် ငါးအခြောက်ခံလုပ်ငန်း မြင်ကွင်းတစ်ခု။
ရခိုင်ပြည်အတွင်းမှ ဆိုလာစနစ်ဖြင့် ငါးအခြောက်ခံလုပ်ငန်း မြင်ကွင်းတစ်ခု။

DMG ၊ မတ် ၉ 

စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သော ရခိုင်ပြည်တွင် ရေထွက်ပစ္စည်းများဖြစ်သော ငါး၊ ပုစွန်များကို အခြောက်လှန်းရာ၌ ဓာတုဆေးအသုံးပြုမှု များပြားလာနေကြောင်း သိရသည်။

ရခိုင်ပြည်တွင် ပေါက်တော၊ စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ ဂွ၊ သံတွဲ စသည့်မြို့နယ်များ၌ ရေလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြပြီး ဓာတုဆေးများ အသုံးပြုထားသည့် ငါးခြောက်များကို မြို့နယ်အလိုက် စျေးကွက်များတွင် တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိနေကြောင်း ကျောက်ဖြူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက ပြောဆိုသည်။ 

ငါးခြောက်လှန်းရာတွင် ယင်မနားဆေး၊ မှိုသတ်ဆေး၊ တာရှည်ခံဆေး၊ ငါးအရောင်လှဆေးများ အသုံးပြုပြီး နေလှန်းကြသည့်အတွက် ဝယ်ယူစားသုံးသူများအနေဖြင့် ကင်ဆာရောဂါ၊ သွေးတိုး၊ သွေးချို၊ နှလုံးရောဂါတို့ ဖြစ်စေနိုင်ကြောင်း ကျောက်ဖြူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဆန်းဝင်းအောင်က ပြောသည်။

“ဆေးက ငါးရဲ့အသားထဲကို ဖောက်ဝင်သွားတဲ့အတွက် ဆေးအများကြီးသုံးထားရင် အကျိုးသက်ရောက်မှုက တိုက်ရိုက်ဖြစ်စေပါတယ်။ ခေါင်းကိုက်တာ၊ အော့ချင်အန်ချင်တာတွေလည်း ဖြစ်တယ်။ သွေးတိုးတာတွေလည်း ချက်ချင်းဖြစ်တယ်။ နောက် ဓာတ်မတည့်တာ ဖြစ်တယ်။ နောက်ပြီး ကင်ဆာလည်းဖြစ်တယ်။ ကင်ဆာက ချက်ချင်းမဖြစ်ဘူး။ စားသုံးလိုက်တဲ့အချိန်မှာ မဖြစ်ပေမယ့် ခုခံအားနည်းတဲ့ ရောဂါတစ်ခုခုသာ စားသုံးသူဆီမှာရှိခဲ့ရင် ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်း ပိုများသွားတယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ရေထွက်ကုန်ပစ္စည်းအခြောက်လှန်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စားသုံးသူများကို အန္တရာယ်မဖြစ်စေဖို့အတွက် ငါး၊ ပုစွန်များအား နေပူလှန်းရာတွင် ဓာတုဆေးအသုံးပြုခြင်းများကို မပြုလုပ်သင့်ကြောင်း ဦးဆန်းဝင်းအောင်က ဆက်ပြောသည်။ 

ရခိုင်ပြည်တွင် ယခုကဲ့သို့အခြေအနေများ ရှိလာနေသည့်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့်လည်း မြို့နယ်အချို့တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ဖို့ရှိပါတယ်။ နောက်လဆိုရင် ကျနော်တို့ ကွင်းဆင်းလို့ရတဲ့နေရာတွေကို ကွင်းဆင်းသွားဖို့ရှိပါတယ်။ တချို့နေရာက ကွင်းဆင်းလို့ အဆင်မပြေသေးတာတွေ ရှိနေလို့ပါ” ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာတင်ကိုဝင်းက ပြောသည်။  

ဓာတုဆေးဝါးများအသုံးပြုမှုကို လျော့ချနိုင်ရန်အတွက် ရေထွက်ကုန်ပစ္စည်းများကို နေပူဖြင့် တိုက်ရိုက်လှန်းစရာမလိုအပ်ဘဲ ထိုင်းနိုင်ငံမှ အဆင့်မြင့်နည်းပညာဖြစ်သည့် ဆိုလာရုံထဲ၌ အခြောက်ခံမှုကို စနစ်တကျလုပ်ဆောင်သင့်ကြောင်း ကျောက်ဖြူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဆန်းဝင်းအောင်က ထောက်ပြသည်။

“ထိုင်းနိုင်ငံက ဆိုလာစနစ်နဲ့ အခြောက်လှန်းတာကို အခုဆိုရင် အာရှတစ်ခွင်မှာ အသုံးပြုလာကြတယ်။ ငါးခြောက်အရည်အသွေးကောင်းဖို့ ပိုးသတ်ဆေးသုံးတာကို လျော့ချဖို့အတွက် ငါးလှန်းတဲ့ ဆိုလာရုံထဲမှာ အခြောက်ခံလို့ရတယ်။ ယင် နားတာတွေလည်း မဖြစ်တော့ဘူး။ ပတ်ဝန်းကျင်ကို အနံ့အသက်လည်း မထွက်စေတော့ဘူး။ ဒီစနစ်နဲ့စိတ်ဝင်တစားလုပ်ရင် အရည်အသွေးကောင်းတဲ့ ငါးခြောက်ကို ရပါတယ်။ နိုင်ငံတကာမှာ ဒီစနစ်နဲ့ အသုံးပြုနေကြတာပါ” ဟု ၎င်းက ပြောသည်။

ဆိုလာရုံစနစ်ဖြင့် ငါးအခြောက်ခံခြင်း ဆိုသည်မှာ ဆိုလာစနစ်ဖြင့် အပူပေးသည့်ရုံထဲတွင် ငါးကို အခြောက်ခံခြင်းဖြစ်ပြီး ယင်းရုံအတွင်းအခြောက်ခံထားသည့် ငါးများမှ အနံ့အသက်များမထွက်စေရန်အတွက် ပန်ကာများ တပ်ဆင်ထားသည်။ ထို့အပြင် ငါးကို သဲ၊ ယင်ကောင်၊ ပိုးမွှားများ ကျရောက်ခြင်းမှလည်း ကာကွယ်ပေးသည့်အတွက် သန့်ရှင်းသော ငါးခြောက်များကို ရရှိစေကြောင်း သိရသည်။

ဆိုလာစနစ်ဖြင့် ငါးအခြောက်ခံခြင်းကို ရာသီဥတုမရွေးပြုလုပ်နိုင်ပြီး ရရှိလာသော ငါးခြောက်များမှာလည်း စားသုံးသူများအတွက် ကျန်းမာရေးဘေးဥပါဒ် တစ်စုံတစ်ရာ မဖြစ်စေကြောင်း သိရသည်။ 

လက်ရှိ ဆိုလာစနစ်ဖြင့် ငါးအခြောက်ခံသည့်ရုံများကို ရခိုင်ပြည် မြို့နယ်အများအပြားတွင် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆောက်လုပ်ပေးလျက်ရှိသော်လည်း စားသုံးသူများအကြိုက်မတွေ့ ဟုဆိုကာ လုပ်ငန်းရှင်များက အသုံးမပြုမှုများရှိနေသည်။ 

စားသုံးသူများ ဘေးဥပါဒ်မဖြစ်စေဖို့အတွက် ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဓာတုဆေးအသုံးပြုခြင်းကို လျော့ချသင့်ကြောင်း ပေါက်တောမြို့နယ်၊ ချောင်းဝကျေးရွာတွင်နေထိုင်သည့် ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူ ဦးဦးစိန်ထွန်းက ပြောဆိုထားသည်။ 

“ဆေးသုံးတာတွေက မကောင်းဘူး။ လူတွေကို ဒုက္ခပေးသလိုဖြစ်နေတယ်။ အခုက ငါးတစ်ခုတည်း မဟုတ်ဘူး။ ဟင်းသီးဟင်းရွက်ရော အကုန်လုံးပါတယ်။ ခဏနေရင် နှလုံးနေမကောင်းဘူး၊ သွေးတိုးတွေဖြစ်တယ်၊ အဲလိုဖြစ်နေကြတာ။ ဆိုလာရုံထဲမှာ လှန်းတဲ့ငါးကို လူတွေက စားမကောင်းကြဘူးလို့ ပြောကြတယ်။ သေချာလုပ်ရင် အရည်အသွေးကောင်း ငါးထွက်ပါတယ်။ အစားတစ်လုတ်နဲ့တော့ ဒုက္ခမဖြစ်စေချင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်အတွင်း ရေထွက်ပစ္စည်းများ အခြောက်ခံရာတွင် ဓာတုဆေးအသုံးပြုခြင်းကို လွန်ခဲ့သည့် ၃ နှစ်ခန့်ကစပြီး တွေ့ရှိလာခြင်းဖြစ်ကြောင်း သိရသည်။  

#R005

ဗီဒီယိုများ