ရခိုင်က အွန်လိုင်းဈေးရောင်းချသူများ FDA ထောက်ခံချက် မရ၍ မှတ်ပုံတင်ရန် အခက်အခဲဖြစ်နေ

အွန်လိုင်းမှရောင်းချနေသော အလှကုန်နှင့် စားသောက်ကုန်ပ္စည်းများမှာ ကိုရီးယား၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ တင်သွင်းသည့် ကုန်ပစ္စည်းများဖြစ်၍ မြန်မာနိုင်ငံ FDA ထံမှ ထောက်ခံချက်မရဟု အွန်လိုင်းဈေးရောင်းချသူများက ပြောသည်။

By Admin 16 Sep 2023

အွန်လိုင်းမှ ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းတချို့အား တွေ့ရစဉ်။
အွန်လိုင်းမှ ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းတချို့အား တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်အတွင်း အွန်လိုင်းမှတစ်ဆင့် စားသောက်ကုန်နှင့် အလှကုန်ပစ္စည်း ရောင်းချနေသူများမှာ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်မရ၍ လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရန် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

အွန်လိုင်းမှရောင်းချနေသော အလှကုန်နှင့် စားသောက်ကုန်ပ္စည်းများမှာ ကိုရီးယား၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ တင်သွင်းသည့် ကုန်ပစ္စည်းများဖြစ်၍ မြန်မာနိုင်ငံ FDA ထံမှ ထောက်ခံချက်မရဟု အွန်လိုင်းဈေးရောင်းချသူများက ပြောသည်။

“လောလောဆယ်တော့ လုပ်ငန်းလိုင်စင် လျှောက်လို့မရသေးပါဘူး။ ဒီလိုင်စင်အတွက် လိုအပ်တဲ့ အချက်အလက်နဲ့ FDA ထောက်ခံချက် ကျမတို့မှာ မရှိဘူး။ ကျမတို့လုပ်ငန်းဟာ တပိုင်တနိုင်လောက်ပဲ ရောင်းချနေကြတာလေ။ ဒါကို လုပ်ငန်းလိုင်စင်တွေ လုပ်ရမယ်ဆိုတော့ အလုပ်နားရမလားတောင် ဖြစ်နေပါပြီ” ဟု မြောက်ဦးမြို့မှ အလှကုန်ပစ္စည်းရောင်းချနေသည့် မသန်းသန်းမိုးက ပြောသည်။

မြန်မာနိုင်ငံအတွင်း အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ- ၄ ၊ ပုဒ်မခွဲ(ဂ) အရ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းကြောင့် အွန်လိုင်းဈေးရောင်းသူများမှာ ဇူလိုင် ၂၁ ရက်မှစ၍ ခြောက်လအတွင်း လုပ်ငန်းမှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းမရှိဘဲ ဆက်လက်ရောင်းချလျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိလည်းကောင်း၊ ငွေဒဏ် ၅ သိန်းကျပ်ကိုလည်းကောင်း ချမှတ်ခံရမည်ဖြစ်သည်။

အွန်လိုင်းဈေးကွက်ထဲမှ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများမှာ အများပြည်သူ၏ ကျန်းမာရေးအတွက် ဘေးဥပတ်ဖြစ်စေသဖြင့် မှတ်ပုံတင်ရာတွင် FDA ထောက်ခံပါရှိမှ ထုတ်ပေးမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဩဂုတ်လတွင် ထပ်မံထုတ်ပြန်ခဲ့သည်။

“ကျမတို့လုပ်ငန်းတွေဟာ အသေးအမွှားလောက်ပဲရှိတာ။ ဘာမှမဟုတ်တဲ့ လုပ်ငန်းတွေလည်း FDA ယူရမယ်ဆိုတော့ အလုပ်ရပ်နားဖို့ပဲရှိတယ်။ သိန်းထောင်ချီပြီး အလုပ်လုပ်တဲ့သူတွေမှ ဒီထောက်ခံချက် ယူနိုင်မှာလေ။ မဖြစ်မနေယူရမယ်ဆိုရင်တောင်မှ အချိန်တစ်ခုပေးပြီးတော့ လုပ်သင့်ပါတယ်” ဟု စစ်တွေမြို့မှ လက်ဖက်ခြောက်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

FDA ထောက်ခံချက် ရယူရာတွင် အစားအသောက်ပေါ်မူတည်ပြီး ကုန်ကျစရိတ်မှာ ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိရှိကာ လုပ်ငန်းအပေါ်မူတည်၍ လိုင်စင်သက်တမ်းမှာ ၃ နှစ်အထိရရှိကြောင်း သိရသည်။

အွန်လိုင်းမှဖြစ်စေ၊ ပြင်ပဈေးကွင်တွင်ဖြစ်စေ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများကို FDA လက်မှတ်နှင့်ရောင်းချရန် သတ်မှတ်ခြင်းမှာ ကောင်းမွန်သော်လည်း လုပ်ငန်းရှင်များ၏ အခက်အခဲကို စဉ်းစားသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“FDA ထောက်ခံချက်ယူတာက စားသုံးသူအတွက်လည်း အများကြီးစိတ်ချရတယ်။ ဘေးဥပတ်လည်း မရှိတော့ဘူး။ ပြည်ပကိုလည်း အကုန်လုံးကို ထိုးဖောက်နိုင်မယ်။ ဒါပေမဲ့ ဒီအခြေနေမှာ လုပ်ငန်းရှင်တွေဘက်က အဆင်မပြေနိုင်သေးဘူး။ အစိုးရ(စစ်ကောင်စီ) ဘက်ကလည်း ဒါဟာ ဖြစ်နိုင်ပြီလား၊ မဖြစ်နိုင်သေးဘူးလားဆိုတာ ကြည့်ရမယ်” ဟု MSME Association Rakhine မှ ဒုဥက္ကဌ ဦးစိုးဝိုင်းနိုင်က ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်း အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူ များပြားလာပြီး အွန်လိုင်းဈေးကွက် စနစ်မှာလည်း တွင်ကျယ်လာနေသည်။

အာဏာသိမ်းမှုကြောင့် စီးပွားရေး အကျပ်ရိုက်နေချိန်တွင် အွန်လိုင်းဈေးရောင်းချသူများမှာ ဝင်ငွေတစ်ခု ရရှိနေကြသဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းက အထောက်အကူဖြစ်နေကြသည်။

#R010

ဗီဒီယိုများ