ဝါးရှားပါးလာမှုကြောင့် ဝါးခုတ်သူများနှင့် လုပ်ငန်းရှင်များ အခက်တွေ့နေ

ဝါးခုတ်သူများမှာ မုန်တိုင်းမတိုင်မီက တစ်နေ့လျှင် ဝါးအလုံးရေ ၁၀၀ ကျော် ခုတ်ယူရရှိခဲ့သော်လည်း လက်ရှိမှာ ဝါးခုတ်ယူရရှိမှု နည်းပါးသွားသည့်အတွက် စားဝတ်နေရေးအခက်အခဲနှင့် တွေ့ကြုံနေရကြောင်း ပြောကြသည်။

By Admin 28 Sep 2023

ဝါးရှားပါးလာမှုကြောင့် ဝါးခုတ်သူများနှင့် လုပ်ငန်းရှင်များ အခက်တွေ့နေ

DMG ၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်အတွင်း ဝါးရှားပါးလာမှုကြောင့် ဝါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေကြသော ဝါးခုတ်သမားများနှင့် ဝါးလုပ်ငန်းရှင်များမှာ ရပ်တည်ရခက်ခဲလာကြောင်း သိရသည်။

ဝါးခုတ်သူများမှာ မုန်တိုင်းမတိုင်မီက တစ်နေ့လျှင် ဝါးအလုံးရေ ၁၀၀ ကျော် ခုတ်ယူရရှိခဲ့သော်လည်း လက်ရှိမှာ ဝါးခုတ်ယူရရှိမှု နည်းပါးသွားသည့်အတွက် စားဝတ်နေရေးအခက်အခဲနှင့် တွေ့ကြုံနေရကြောင်း ပြောကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပုန်းတန်းကျေးရွာမှာ ဝါးခုတ်လုပ်ငန်းဖြင့်အသက်မွေးသူ ဦးဇော်ဝင်းထွန်းက “မုန်တိုင်းနောက်ပိုင်းမှာ ဝါးတွေက ရှားသွားတယ်။ ပုံမှန်နှစ်မှာလိုမျိုး ဝါးတွေ အများကြီး မရနိုင်တော့ဘူး။ တစ်ခါတလေမှာ တစ်ရက်လုံးခုတ်လို့ ဝါး ၅၀ လောက်နဲ့ အိမ်ပြန်လာတဲ့အခါမျိုးရှိတယ်။ တချို့သူတွေမှာဆိုရင် ထမင်းနပ်မမှန်တာတွေတောင်ရှိတယ်” ဟု ပြောသည်။

ဝါးရှားပါးလာမှုကြောင့် ဝါးဈေးနှုန်းမြင့်တက်နေသော်လည်း ရောင်းအားကျဆင်းနေသဖြင့် တွက်ခြေမကိုက်ကြောင်း ဝါးလုပ်ငန်းရှင်များက ပြောကြသည်။

မုန်တိုင်းမတိုင်မီက ဝါးအလုံးရေ တစ်ရာကို ငွေကျပ် ၄၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ခဲ့သော်လည်း လက်ရှိမှာ ဝါးတစ်ရာကို ငွေကျပ် ၆၅,၀၀၀ ထိပေးပြီး ဝယ်ယူရောင်းချနေရကြောင်း စစ်တွေမြို့က ဝါးရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမဲဇော်က ပြောသည်။

“ဒီအလုပ်ကို လုပ်ကိုင်နေတာလည်း တော်တော်ကြာနေပြီ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလည်းဖြစ်တယ်။ နည်းနည်းပါးပါး ရောင်းကောင်းလာမလား ဆိုပြီး‌တော့ စောင့်ရင်းစောင့်ရင်းနဲ့ ကိုယ့်ဘက်က အရှုံးခံပြီး ရောင်းနေကြရတာ” ဟု ၎င်းကပြောသည်။

လက်ရှိမှာ ဝါးရောင်းဝယ်ရေးလုပ်ငန်း အဆင်မပြေသဖြင့် ဝါးပွဲရုံများကိုမှီခိုပြီး လုပ်ကိုင်နေကြသော အလုပ်သမားများမှာလည်း မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိနေကြသည်။

စစ်တွေမြို့ရှိ ဝါးပွဲရုံတစ်ခုမှ ကုန်တင်ကုန်ချအလုပ်သမား ဦးလှကျော်အောင်က “အခုလက်ရှိမှာက သစ်တွေ၊ ဝါးတွေလည်း ရောင်းမထွက်ဘူး။ ဝါးတွေက ရှားပါးတော့ ဝယ်ရတာအဆင်မပြေဘူး။ ဝယ်ယူပြီးသား ဝါးတွေလည်း ရောင်းမထွက်နိုင်တာကြောင့် ဝါးပိုင်ရှင်တွေလည်း အရင်းမြုပ်နေကြပြီ။ အဲဒါကြောင့် ကျနော်တို့ အလုပ်သမားတွေလည်း စားဝတ်နေရေး ထိခိုက်မှုတွေရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ် မြို့နယ်များတွင် ဝါးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြည်တွင်းရောင်းချမှုအပြင် ပြည်မနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တင်ပို့မှုများလည်းရှိသည်။

#I011

ဗီဒီယိုများ