ဝါးရှားပါးနေမှုကြောင့် မုန်တိုင်းသင့်ပြည်သူများ နေအိမ်ဆောက်လုပ်ရန် အခက်အခဲများရှိနေကြ

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်ဆောက်ရန် သစ်၊ သွပ်ပြား(သံဖြူ) ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝါး၊ ဓနိဖြင့်သာ ဆောက်လုပ်နေကြစဉ် ဝါးရှားပါးနေမှုကြောင့် အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။

By Admin 13 Jun 2023

လေးမြို့မြစ်အတွင်း တွေ့ရသော ဝါးဖောင်တစ်ခု။ ဓာတ်ပုံ - Htet Aung Kyaw
လေးမြို့မြစ်အတွင်း တွေ့ရသော ဝါးဖောင်တစ်ခု။ ဓာတ်ပုံ - Htet Aung Kyaw

DMG ၊ ဇွန် ၁၃

မိုးရာသီကာလ ရောက်ရှိနေပြီဖြစ်၍ ရခိုင်ပြည်က မုန်တိုင်းဘေးဒဏ်သင့် ပြည်သူများမှာ ပျက်စီးသွားသည့်နေအိမ်များကို ပြန်လည်ဆောင်လုပ်ကြရာတွင် ဝါးရှားပါးနေမှုကြောင့် အခက်အခဲများရှိနေကြသည်ဟု သိရသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်ဆောက်ရန် သစ်၊ သွပ်ပြား(သံဖြူ) ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝါး၊ ဓနိဖြင့်သာ ဆောက်လုပ်နေကြစဉ် ဝါးရှားပါးနေမှုကြောင့် အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။

“ဝါးကတော့ ပိုက်ဆံရှိရင်တောင် အလွယ်တကူ ဝယ်လို့မရဘူ။ ခုက ဝါးတွေ အရမ်းရှားနေတာ။ ပျက်စီးသွားတဲ့အိမ်တွေကို အဆင်ပြေသလိုပဲ ပြင်ထားရတယ်” ဟု ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှ ကိုဒေးဗစ်က ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြန်လည်တည်ဆောက်ရန် အခက်အခဲများစွာ ရှိနေကြသည်။ မုန်တိုင်းအလွန်တွင် သစ်၊ သွပ်ပြား(သံဖြူ)၊ သံမှို စသည့် အိမ်ဆောက်ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် ဒေသခံများမှာ ဝါး၊ ဓနိတို့ဖြင့် ပြန်လည်ဆောက်လုပ်နေကြရသည်။

သို့သော် ဝါး၊ ဓနိ ဝယ်ယူအသုံးပြုသူ များနေသဖြင့် ဈေးနှုန်းမြင့်တက်ကာ ရှားပါးလာနေခြင်းဖြစ်သည်။

“လတ်တလောက သစ်နဲ့ ခိုင်ခိုင်ခန့်ခန့်ဆောက်ဖို့ မဖြစ်နိုင်သေးဘူး။ ဒီမိုးရာသီ အရေးတကြီးနေဖို့ ဝါးနဲ့ဆောက်ရတာလေ။ ဝါးလည်း လိုသလောက်မရဘူး။ ဈေးကလည်းကြီး၊ အရေအသွေးလည်း မကောင်းဘူး၊ ဒါပေမဲ့ ဝယ်ရတာပဲ” ဟု စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်နေ ဦးစောမြတ်က ပြောသည်။

ယခင်က ဝါးအလုံးတစ်ရာကို ငွေကျပ်သုံးသောင်းခန့်ရှိသော်လည်း မုန်တိုင်းအလွန် ဝါးတစ်ရာကို ငွေကျပ် ငါးသောင်းအထိ ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်တွင် မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသ၊ မင်းပြားမြို့နယ် ဖောင်သာချောင်းဒေသနှင့် ဘူးသီးတောင်အထက်ပိုင်း စိုင်းတင်နှင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသတို့မှ ဝါးအဓိကထွက်ရှိသည်။

လက်ရှိတွင် ဝါးခုတ်ရာသီမဟုတ်သဖြင့် ခုတ်သူနည်းပါးကာ ရရှိသောဝါးများမှာ အရည်အသွေး မပြည့်မီသော်လည်း ပြည်တွင်းလိုအပ်ချက်အရ ဝယ်ယူရောင်းချနေရကြောင်း ဝါးကုန်သည်များက ပြောသည်။

“ကျနော်တို့လိုချင်သလောက် ခုတ်တဲ့သူတွေက မခုတ်ပေးနိုင်ဘူး။ ရသလောက်ပဲယူရောင်းရတာ။ အခုက ဖောင်သာချောင်းဘက်က ယူရောင်းတယ်။ ဝါးတစ်ရာကို သုံးသောင်းခွဲ၊ လေးသောင်းလောက်နဲ့ ဝယ်တယ်။ စစ်တွေ၊ ရသေ့တောင်ဘက်မှာ ငါးသောင်းလောက်နဲ့ရောင်းတယ်” ဟု မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာမှ ဝါးကုန်သည် ဦးမောင်လူကြီးက ပြောသည်။

ရခိုင်ပြည်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီး ပြည်သူတစ်သန်းနှစ်သောင်းကျော် မုန်တိုင်းသင့်ခဲ့ရသည်။

မုန်တိုင်းတိုက်ခတ်ခဲ့မှု တစ်လနီးပါး ကြာလာပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို မလုပ်ဆောင်နိုင်သေးဘဲ အကူအညီများစွာ လိုအပ်လျက်ရှိနေသည်။

#I010

ဗီဒီယိုများ