ရခိုင်ဒေသထွက်ဝါးများ ပြည်မဘက်သို့တင်ပို့ရာတွင် ကုန်ကျစရိတ်များပြားမှုကြောင့် လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေ

အမ်း၊ တောင်ကုတ်မြို့နယ်တို့မှ ခုတ်ယူရရှိသည့် ဝါးများကို မကွေး၊ မင်းဘူး စသည့် ပြည်မဘက်သို့ ကားလမ်းမှတစ်ဆင့် တင်ပို့နေသည်။

By Admin 02 Feb 2023

ရခိုင်ဒေသထွက်ဝါးများ ပြည်မဘက်သို့တင်ပို့ရာတွင် ကုန်ကျစရိတ်များပြားမှုကြောင့် လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေ

ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ရေတံခွန်အနီး မြင်တွေ့သော ဝါးများ။

DMG ၊ ဖေဖော်ဝါရီ ၂

ရခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဒေသထွက်ဝါးများကို ပြည်မဘက်သို့ တင်ပို့ရောင်းချမှုများ ရှိနေသော်လည်း ကုန်ကျစရိတ်များပြားမှုကြောင့် တွက်ခြေမကိုက်ဘဲ အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု ဝါးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ 

အမ်း၊ တောင်ကုတ်မြို့နယ်တို့မှ ခုတ်ယူရရှိသည့် ဝါးများကို မကွေး၊ မင်းဘူး စသည့် ပြည်မဘက်သို့ ကားလမ်းမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။ သို့သော် ကားစရိတ်ကြီးမားမှု၊ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးပေးဆောင်ရမှုတို့ကြောင့် ကုန်ကျစရိတ်များပြားသဖြင့် ဝါးလုပ်ငန်းရှင်များ အခက်ကြုံနေရခြင်းဖြစ်သည်။

အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာမှ ဝါးလုပ်ငန်းရှင် ဒေါ်မာတင်က “ဒီကဝါးကို ဝယ်ယူတဲ့အခါမှာလည်း ကုန်တင်ကုန်ချစရိတ်တွေ ရှိတယ်။ နောက် ပြည်မဘက်ကို တင်ပို့စရိတ်ကလည်း ကားခက တစ်သိန်းငါးသောင်းလောက်ကျတယ်။ အဲဒီကားပေါ်ကို ဝါးရောက်ဖို့အရေးကို တင်ခပေးရတယ်။ လမ်းမှာ ဂိတ်တွေမှာလည်း ပေးရသေးတယ်။ အကုန်လုံးဆိုရင် နှစ်သိန်းကျော်အထိ ကုန်ကျတယ်” ဟု ပြောသည်။

ဒေသမှထွက်ရှိသည့် ဝါးအလုံးရေ ၁၀၀ ကို ငွေကျပ် ၃၅,၀၀၀ ဖြင့် ဝယ်ယူရပြီး ပြည်မဘက်ကို တင်ပို့ရာတွင် ငွေကျပ် ၆၀,၀၀၀ ရရှိသော်လည်း ကုန်ကျစရိတ်များပြားမှုကြောင့် ဝါးလုပ်ငန်းရှင်များမှာ တွက်ခြေမကိုက် ဖြစ်နေကြသည်။ 

ယခင်က တစ်ကြိမ်စီတွင် ဝါးအလုံးရေ ၁,၀၀၀ ကျော်ဖြင့် တစ်လလျှင် သုံးကြိမ်အထိ ပြည်မဘက်သို့ တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိတွင် ဒေသထွက်ဝါးများ ရှားပါးလာခြင်းနှင့် ဝါးခုတ်သူ နည်းပါးလာမှုတို့ကြောင့် တစ်လလျှင်  တစ်ကြိမ်သာတင်ပို့နိုင်ပြီး တင်ပို့ရာတွင်လည်း ဝါး ၉၀၀ ခန့်သာ တင်ပို့နိုင်တော့သည်ဟု အမ်းမြို့မှ ဝါးခုတ်/ဝါးလုပ်ငန်းလုပ်ကိုင် ဦးအေးထွန်းက ပြောသည်။ 

“ကိုယ်က သူများဆီမှာ အငှားအလုပ်ကို မလုပ်ချင်လို့ ဒီလို တောထဲက ဝါးခုတ်ရောင်းချတာကို လုပ်နေတာ။ အခုက အရင်လို ပုံမှန် မတင်ပို့နိုင်တော့ဘူး။ ဝါးက ရှားလာတယ်။ ကြံဖန်ပြီး ရှာခုတ်မှရတာ။ အခုဆိုရင် တစ်လကို တစ်ကြိမ်လောက်ပဲ ပို့နိုင်တယ်” ဟု သူက ပြောသည်။  

လက်ရှိတွင် အမ်း၊ တောင်ကုတ်၊ မြောက်ဦး စသည့်မြို့နယ်တို့တွင် ဝါးရှားပါးလာမှုကြောင့် ဝါးခုတ်သူများမှာလည်း အခက်ကြုံနေကြရသည်။ ဝါးခုတ်သမားများမှာ ယခင်က တစ်နေ့လျှင် ဝါးအရေအတွက် ၁၀၀ ခန့် ခုတ်ယူရရှိနိုင်သော်လည်း လက်ရှိတွင် ဝါး ၅၀ ခန့်သာ ခုတ်ယူရရှိတော့သည်ဟု ဝါးခုတ်သမားများက ဆိုကြသည်။ 

ထို့ကြောင့် ယခင်က တစ်နေ့လျှင် ဝါးခုတ်၍ ငွေကျပ် ၁၀,၀၀၀ ကျော်အထိရရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၇,၀၀၀ ခန့်သာ ရရှိတော့သဖြင့် အခက်အခဲနှင့်ကြုံနေရသည်ဟု  မြောက်ဦးမြို့နယ်မှ ဝါးခုတ်သမား ဦးဇော်ဇော်ဝင်းက ပြောသည်။ 

“ကျနော်တို့က အလုပ်လက်မဲ့ဆိုတော့ တောတောင်ကိုမှီခိုပြီးတော့ လုပ်စားရတာပဲ။ အရင် ကုန်ဈေးနှုန်းမတက်ခင်က အဆင်ပြေတယ်။ ဝါးလည်းပေါတယ်။ တစ်နေ့မှာ ဝါးအရေအတွက် တစ်ရာ့ငါးဆယ်လောက်ရတယ်။ အခုက ဝါးလည်းသိပ်မရတော့ဘူး။ ကျနော်တို့ အလုပ်သမားတွေက တစ်နေ့မှာ ခြောက်ထောင်၊ ခုနစ်ထောင်လောက်ရလို့ လိုက်မမီဘူး။ ဒါပေမဲ့ စားဝတ်နေရေး အဆင်မပြေတော့ လုပ်နေရတာပဲ” ဟု ၎င်းက ပြောသည်။ 

ရခိုင်ပြည်တွင် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ် စသည့်မြို့နယ်တို့တွင် ဝါးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ အဆိုပါဝါးများကို ပြည်တွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချကြသည့်အပြင် ဘင်္ဂလားဒေ့ရှ်နှင့် ပြည်မဘက်ကိုလည်း တင်ပို့ရောင်းချနေကြခြင်းဖြစ်သည်။

#R005 

ဗီဒီယိုများ