ရခိုင် MSME လုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုအပ်နေသေး

ရခိုင်ပြည် MSME အသင်းတွင် စားသောက်ကုန်ပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင် ၁၀၀ ကျော် ရှိသည့်အထဲမှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးခန့်သာ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်သေးသည်။ 

By Admin 25 Mar 2023

ဓာတ်ပုံ - MSME Association Rakhine
ဓာတ်ပုံ - MSME Association Rakhine

DMG ၊ မတ် ၂၅

ရခိုင်ပြည်ရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များအသင်းတွင် တရားဝင် လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် စီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးခန့်သာရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။ 

ရခိုင်ပြည် MSME အသင်းတွင် စားသောက်ကုန်ပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင် ၁၀၀ ကျော် ရှိသည့်အထဲမှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးခန့်သာ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်သေးသည်။ 

ကျန်လုပ်ငန်းရှင်များမှာ လုပ်ငန်းလိုင်စင်အကြောင်း နားမလည်ခြင်း၊ လုပ်ငန်းရှင်များကြား ချိတ်ဆက်မှုအားနည်းခြင်း တို့ကြောင့် လိုင်စင်မလျှောက်သည့် အနေအထား ရှိနေခြင်းဖြစ်သည်။

လုပ်ငန်းလိုင်စင်သည် ထုတ်ကုန်ပစ္စည်း အာမခံချက်များကို ဆန်းစစ်ပြီးဖြစ်သည့်အတွက် ကုန်ပစ္စည်းများကို မြန်မာပြည်အနှံ့ ဖြန့်ဖြူးရောင်းချနိုင်ပြီး၊ စားသုံးသူများအနေဖြင့် အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ခြင်း စသည့် အားသာချက်များ ရှိမည်ဖြစ်သည်။ 

“ပုစွန်ခြောက်ပဲဖြစ်ဖြစ်၊ ငံပြာရည်ပဲ ဖြစ်ဖြစ် ထုတ်ပိုးရောင်းချမယ်ဆိုရင် စားသုံးသူအနေနဲ့ အန္တရာယ်ကင်းရှင်းစေဖို့အတွက် အသေးစားစက်မှုလက်မှုဌာနမှာ ဓာတ်ခွဲစစ်ဆေးလက်မှတ် ယူရမယ်။ အဲဒီစစ်ဆေးချက်လက်မှတ် ထွက်တာနဲ့ မှတ်ပုံတင်လက်မှတ်လည်း ရတယ်။ စားသုံးသူတွေအတွက်လည်း စိတ်ချရတယ်။ မြန်မာပြည်အနှံ့ကိုလည်း တင်ပို့ရောင်းချနိုင်တယ်” ဟု ရခိုင်ပြည် MSME အသင်း၏ ဒုတိယဥက္ကဌ ဒေါ်ဟေမာစံ က ဆိုသည်။

လုပ်ငန်းလိုင်စင်မလျှောက်ပါက ထုတ်ကုန်ပစ္စည်းများမှာ ဈေးကွက်အတွင်းသို့ ထိုးဖောက်နိုင်မှုအားနည်းပြီး စားသုံးသူ (သို့မဟုတ်) ဝယ်ယူသူများ အနေဖြင့်လည်း စိတ်ချယုံကြည်မှု ကျဆင်းနိုင်စေသည်။ 

သိုသော်လည်း လုပ်ငန်းလိုင်စင်လျှောက်ရာတွင် ထုတ်လုပ်ရောင်းချမည့် ကုန်ပစ္စည်းနမူနာပုံစံ၊ လုပ်ငန်းသက်သေဓာတ်ပုံ၊ ပစ္စည်းအရည်အသွေးဓာတ်ခွဲခြင်း စသည်ဖြင့် အသေးစိတ် အချက်အလက်များကို  ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနသို့ ပေးပို့ရပြီး လုပ်ငန်းအတွက် ငွေကြေးအပါအဝင် အချိန်ကြန့်ကြာမှုများ ရှိနေကြောင်းလည်း သိရသည်။ 

“အသေးစား လုပ်ငန်းရှင်တွေမှာ FDA လက်မှတ်လုပ်ဖို့ဆိုတာ ခက်ခဲတယ်။ လုပ်ငန်းဆောင်ရွက်မှုရော၊ ငွေကြေးအကုန်ကျလည်း များတယ်။ ဆိုတော့ ပစ္စည်းအရည်အသွေးကို စစ်ဆေးလက်မှတ်ထုတ်ပေးတဲ့ အသေးစားလုပ်ငန်းအတွက် အသိအမှတ်ပြု လျှောက်ကြတယ်။ လုပ်ငန်းလိုင်စင်တွေ အကုန်လုံး လျှောက်သင့်ပါတယ်။ တချို့ဆိုရင်လည်း အခက်အခဲအမျိုးမျိုးကြောင့် မလျှောက်နိုင်ကြသေးဘူး” ဟု ရခိုင်ပြည် MSME အသင်း၏ ဥက္ကဋ္ဌ ဦးညီတိုးမင်းက ရှင်းပြသည်။

လိုင်စင်လျှောက်ရာတွင် အသေးစား စီးပွားရေးလုပ်ငန်းရှင်များမှာ ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များမှာ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် လျှောက်ထားရခြင်းဖြစ်သည်။ 

“အလှကုန်၊ စားသောက်ကုန်၊ ဓာတ်ခွဲစမ်းသပ်ပေးတယ်။ စားသောက်ကုန် သက်သက်၊ လူသုံးကုန် သက်သက် တစ်ခုနဲ့တစ်ခု မတူဘူး။ ကျနော်တို့ကတော့ ပစ္စည်းတစ်မျိုးချင်း စမ်းသပ်တာ မတူဘူး။ တခါတလေဆိုရင် တာရှည်ခံဆေးတွေ အလွန်အကျွံ အသုံးပြုထားတွေပါဝင်တယ်။ ဆိုတော့ မအောင်မြင်ဘူး။ error ဖြစ်သွားတယ်။ ထပ်ပြီး ပြင်ဆင်ခိုင်းရတယ်။ ကျနော်တို့ဆီက ဓာတ်ခွဲ အောင်မြင်မှ လိုင်စင်လျှောက်လို့ရတယ်” ဟု ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက DMG ကို ရှင်းပြသည်။

ရခိုင်တပြည်လုံးတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း လိုင်စင်လျှောက်ထားပြီး ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် လုပ်ငန်းရှင်ပေါင်း ၂၀၀ ဦးခန့်သာရှိကြောင်း ရခိုင်ပြည်နယ် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန စာရင်းများအရ သိရသည်။

ထုတ်ကုန်ပစ္စည်းနှင့်ပတ်သက်ပြီး လုပ်ငန်းလိုင်စင်ရှိသည့် လုပ်ငန်းရှင်များမှာ ပြဿနာတစုံတရာ ရှိလာပါက သက်ဆိုင်ရာကို တရားဝင် ချေပနိုင်သဖြင့် မှတ်ပုံတင်ရန် လိုအပ်ခြင်းဖြစ်သည်။

စစ်တွေမြို့မှ “လခြမ်းမြီ” ဓနိဖူးခြောက်လုပ်ငန်းရှင် ဒေါ်အေးစန္ဒာက “တချို့လုပ်ငန်းရှင်တွေဆိုရင် သူတို့ပစ္စည်းက လူသုံးများနေပြီ၊ အရည်အသွေးကောင်းနေပြီ ထင်ပြီး ဘာမှလုပ်စရာမလို ထင်ကြတယ်။ ဒါပေမယ့် လုပ်ငန်းလိုင်စင်မရှိဘဲ အဲဒီပစ္စည်းကြောင့် ပြဿနာတစ်ခုခု ဖြစ်လာရင် ဖြေရှင်းဖို့ ခက်ခဲတယ်။ အမှန်တကယ် စနစ်တကျနဲ့ လုပ်မယ်ဆိုရင်တော့ လိုအပ်တဲ့ လိုင်စင်တွေအကုန်လုံး မှတ်ပုံတင်စေချင်ပါတယ်။ လုပ်ငန်းရှင်တွေမသိနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးကိုလည်း ပိုပြီး သိနိုင်တယ်ပေါ့” ဟု ဆိုသည်။

ရခိုင်ပြည် MSME အသင်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အသင်းသား ၁၀၀ ဦးခန့်ဖြင့် ရခိုင်ပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ရန်၊ ထုတ်ကုန်များကို ဈေးကွက်အတွင်းသို့ ရောက်ရှိရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

#R010

ဗီဒီယိုများ