- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သည့်အစိတ်အပိုင်းသုံးခု ရခိုင်ပင်လယ်ပြင်သို့ပြုတ်ကျ
တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်အပိုင်းသုံးခုမှာ ယနေ့(ဇန်နဝါရီလ ၂၆ ရက်) နံနက်ပိုင်းက ရခိုင်ပင်လယ်ပြင်သို့ပြုတ်ကျခဲ့ကြောင်း သိရသည်။
26 Jan 2022

DMG ၊ ဇန်နဝါရီလ ၂၆
တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်အပိုင်းသုံးခုမှာ ယနေ့(ဇန်နဝါရီလ ၂၆ ရက်) နံနက်ပိုင်းက ရခိုင်ပင်လယ်ပြင်သို့ပြုတ်ကျခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ နံသာကျွန်း၏မြောက်ဘက် ရေမိုင် ၂၀ ခန့်အကွာ ပင်လယ်ပြင်အတွင်းသို့ တရုတ်နိုင်ငံမှလွှတ်တင်ထားသော အာကာသယာဉ်၏ မလိုအပ်သောအစိတ်အပိုင်းသုံးခုပြုတ်ကျခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ သတင်းများကိုဖော်ပြနေသော ရခိုင်နေ့စဉ်သတင်းကဖော်ပြသည်။
ထိုသို့ပြုတ်ကျနေစဉ် ၁ မိနစ်ခန့် မီးလောင်ကျွမ်းသည့်အရာဝတ္ထုပုံစံဖြင့်တွေ့မြင်ခဲ့ရပြီး တစ်စုံတရာထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်းလည်း ရခိုင်နေ့စဉ်ကဆိုသည်။
အာကာသယာဉ်မှ မလိုအပ်သည့်အပိုင်းအစများ ရခိုင်ပင်လယ်ပြင်သို့ကျရောက်သည်ကိုမြင်တွေ့လိုက်သော မာန်အောင်မြို့နယ်၊ ကအီကျေးရွာမှ ဒေသခံမောင်သန့်ဇင်က "အရင်အတိုင်းဘဲ မီးအလင်းတန်းကြီးဖြတ်သန်းဆင်းလာတယ်။ ပြီးတော့ပေါက်ကွဲသံ ၃ ချက်မြည်တယ်။ ဒီတစ်ခါအလင်းတန်းကတော့ အရင်အလင်းတန်းတွေထက် ကြီးတယ်လို့ပြောလို့ရတယ်"ဟု ဆိုသည်။
ထိုသို့ အာကာသယာဉ်အပိုင်းအစများကျရောက်မည်ဖြစ်၍ ခရီးသယ်တင်ရေယာဉ်များ၊ ငါးဖမ်းစက်လှေများနှင့် လေကြောင်းလိုင်းများထိခိုက်မှုမရှိစေရန် မာန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံသို့ ဇန်နဝါရီလ ၂၄ ရက်နေ့က အသိပေးစာပေးပို့ထားကြောင်း စမုံတဲအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းဦးကပြောသည်။
"အာကာသယာဉ်အပိုင်းအစကျမယ်ဆိုတာကို မာန်အောင်မှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအကုန်လုံးကို ထွေအုပ်ကစာထုတ်ပြန်ပြီးသားဖြစ်တယ်။ အပြင်မထွက်ကြဖို့အတွက်ကိုပေါ့"ဟု ၎င်းကဆိုသည်။
အာကာသလွန်းပျံယာဉ်မှ မလိုအပ်သည့်အစိတ်အပိုင်းများမှာ ရခိုင်ပင်လယ်ပြင်အတွင်းသို့ ယခင်ကလည်းကျရောက်မှုများရှိခဲ့သည်။
ထိုသို့ကျရောက်မှုကြောင့် ယေဘုယျအားဖြင့်ထိခိုက်မှုမရှိသော်လည်း အာကာသယာဉ်အစိတ်အပိုင်းများကျရောက်စဉ် ပေါက်ကွဲသံကြောင့် ရေနေသတ္တဝါများ သေဆုံးပျက်စီးမည်ကိုစိုးရိမ်ကြောင်း ဒေသခံများကပြောဆိုကြသည်။