အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ ‘၂၀၂၄ နောက်ပိုင်း’ ရုရှား ထွက်ခွာမည်

အနောက်နိုင်ငံများနှင့် တင်းမာမှုများရှိနေသည့်အချိန်၌ ရုရှားသည် “၂၀၂၄ ခုနှစ်နောက်ပိုင်း” တွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားလိုက်သည်။ ထိုသို့ဆုံးဖြတ်လိုက်မှုကြောင့် အာကာသယာဉ်မှူးလိုက်ပါသည့် ရုရှား အာကာသ ယာဉ်လွှတ်တင်မှုများ ရပ်နားလာနိုင်ကြောင်း လေ့လာသူများက သတိပေးထားသည်။

30 Jul 2022

အပြည်ပြည်ဆိုင်ရာ အာကာသစခန်း။ (ဓာတ်ပုံ - AFP)

DMG ၊ ဇူလိုင် ၃၀

အနောက်နိုင်ငံများနှင့် တင်းမာမှုများရှိနေသည့်အချိန်၌ ရုရှားသည် “၂၀၂၄ ခုနှစ်နောက်ပိုင်း” တွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားလိုက်သည်။ ထိုသို့ဆုံးဖြတ်လိုက်မှုကြောင့် အာကာသယာဉ်မှူးလိုက်ပါသည့် ရုရှား အာကာသ ယာဉ်လွှတ်တင်မှုများ ရပ်နားလာနိုင်ကြောင်း လေ့လာသူများက သတိပေးထားသည်။

ရုရှား၏ ယူကရိန်းတွင် စစ်ရေးဝင်ရောက်စွက်ဖက်မှုများနှင့် အာကာသ စူးစမ်းလေ့လာရေးကဏ္ဍ အပါ အဝင် ကဏ္ဍများစွာတွင် ပြင်းထန်သည့် ပိတ်ဆို့အရေးယူဒဏ်ခတ်မှုများ အကြိမ်များစွာချမှတ်ခံရခြင်း တို့နှင့် စပ်လျဉ်းပြီး ရုရှားအစိုးရနှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးမပြေလည်ချိန်တွင် ကာလ ရှည်အငြင်းပွားခဲ့သည့် လုပ်ဆောင်မှုကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာအာကာသစခန်းက ရုရှားထွက်ခွာခြင်းသည် နိုင်ငံ၏ အာကာသစူးစမ်း လေ့လာ ရေးကဏ္ဍကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ကြောင်း အာကာသကျွမ်းကျင်သူများက သတိ ပေးထားသည်။ ရုရှား၏ အဓိကဂုဏ်သိက္ခာတစ်ခုဖြစ်သည့် အာကာသယာဉ်မှူးများ လိုက်ပါသည့် အာကာသ ယာဉ်များလွှတ်တင်မည့် အစီအစဉ်အတွက် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်ကြောင်း သုံးသပ်ထားသည်။

မိမိတို့နှင့် မိတ်ဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရမည့်တာဝန်များကို ပြီးဆုံးအောင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ သို့တိုင်အောင် ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် ထွက်ခွာမည်ဟု ဆုံးဖြတ်ထားပြီ ဖြစ် ကြောင်း ရုရှားအာကာသအေဂျင်စီ ရော့စကိုမော့စ်၏ အကြီး အကဲအသစ်ဖြစ်သူ ယူရီ ဘောရစ်ဆော့က သမ္မတပူတင်နှင့် တွေ့ဆုံသည့်အစည်းအဝေးတွင် ပြောကြား ခဲ့ကြောင်း ရုရှားအစိုးရသတင်းရင်းမြစ် တစ်ခုထံမှ သိရသည်။

“ဒီအချိန်လောက်ဆိုရင် ကျွန်တော်တို့ဟာ ရုရှား ကမ္ဘာပတ်လမ်းကြောင်းနဲ့ အာကာသစခန်းတစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေလောက်ပြီလို့ ထင်ပါတယ်” ဟု ဘောရစ်စ်ဆော့က ပြောကြားခဲ့ပြီး သမ္မတပူတင်က “ကောင်းတယ်” ဟု မှတ်ချက်ပြုခဲ့သည်ဟု အဆိုပါရင်းမြစ်က ဆိုသည်။

အမေရိကန်အာကာသအေဂျင်စီ နာဆာက အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) ကို ၂၀၃၀ ပြည့်နှစ်အထိ လုပ်ငန်းလည်ပတ်နိုင်ကြောင်း ပြောကြားထားသော်လည်း အဆိုပါစခန်းကို ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် လုပ်ငန်းရပ်နားရန် စီစဉ်ထားသည်။

အမေရိကန်နှင့် ရုရှားတို့သည် စစ်အေးတိုက်ပွဲကာလအတွင်း အာကာသစီမံကိန်းများ အပြိုင်အဆိုင် ရှိခဲ့ကြပြီးနောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် မျှော်လင့်ချက်ကောင်းများ ထွက်ပေါ်လာသည့် အချိန် ၁၉၉၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအာကာသစခန်းကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ