ရခိုင့်ပင်လယ်ပြင်သို့ အာကာသယာဉ်မှစွန့်ပစ်ပစ္စည်းများ မကြာခဏ ကျရောက်နေမှုအပေါ် ဒေသခံများဝေဖန်

ရခိုင့်ပင်လယ်ပြင်အတွင်းသို့ တရုတ်နိုင်ငံ အာကာသယာဉ်မှ စွန့်ပစ်ပစ္စည်းများ မကြာခဏကျရောက်နေခြင်းကြောင့် ပင်လယ်ပြင်ရှိ ရေနေသတ္တဝါများပျက်စီးမှုရှိနိုင်ခြင်း၊ အန္တရာယ်များရှိနေခြင်းတို့ကြောင့် ယင်းဖြစ်စဉ်မှာမသင့်လျှော်ကြောင့် ရခိုင်ဒေသခံများကဆိုကြသည်။

29 Mar 2022

DMG ၊ မတ် ၂၉

ရခိုင့်ပင်လယ်ပြင်အတွင်းသို့ တရုတ်နိုင်ငံ အာကာသယာဉ်မှ စွန့်ပစ်ပစ္စည်းများ မကြာခဏကျရောက်နေခြင်းကြောင့် ပင်လယ်ပြင်ရှိ ရေနေသတ္တဝါများပျက်စီးမှုရှိနိုင်ခြင်း၊ အန္တရာယ်များရှိနေခြင်းတို့ကြောင့် ယင်းဖြစ်စဉ်မှာမသင့်လျှော်ကြောင့် ရခိုင်ဒေသခံများကဆိုကြသည်။

ရခိုင်ပြည်နယ် သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၄၄)မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ဧပြီလ (၇)ရက်မှ (၁၃)ရက်အထိ အာကာသယာဉ်မှ Spaceflight အစိတ်အပိုင်း ကျရောက်လာနိုင်ကြောင်း ပြည်နယ်စစ်ကောင်စီမှ မတ်လ ၂၈ ရက်နေ့က သတိပေးချက်ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကမ်းဝေးရေယာဉ်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် အဆိုပါဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြုသွားလာနိုင်ကြရန်လည်း စစ်ကောင်စီ၏ သတိပေးချက်တွင်ပါဝင်သည်။

ယင်းအပြင် ရခိုင့်ရေပြင်သို့ အာကာသစွန့်ပစ်ပစ္စည်းများကျရောက်ခဲ့သည်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တစ်ကြိမ်၊ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းတစ်ကြိမ်ကျရောက်ခဲ့ကာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း တစ်ကြိမ်ကျရောက်ခဲ့ကြောင်းနှင့် လာမည့်တစ်ကြိမ်နှင့်ဆိုပါကငါးကြိမ်အထိရှိနေပြီဖြစ်သည်။

ထိုသို့ကျရောက်ခြင်းများကြောင့် ရခိုင်ပင်လယ်ပြင်ရှိ ရေနေသတ္တဝါများပျက်စီးမှုရှိနိုင်သည့်အပြင် အလွန်တရာမှအန္တရာယ်များသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း အမ်းမြို့နယ်ပိုက်လိုင်းရေးရာ စောင့်ကြည့်ရေးအဖွဲ့မှ ကိုမျိုးလွင်ကဆိုသည်။

“ဒီကိစ္စအပေါ်မှာ စွန့်ပစ်တဲ့နိုင်ငံဘက်ကနေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုတယ်။ ဒီအတိုင်း သူတို့စွန့်ပစ်ချင်တိုင်းစွန့်ပစ်လို့ရအောင် ရခိုင့်ပင်လယ်ပြင်က သူတို့အတွက်အမှိုက်ပုံမှမဟုတ်တာ။ ဒီအပေါ်မှာ နိုင်ငံတာဝန်ရှိသူတွေကလည်း ဒီကိစ္စကိုပြောသင့်ပါတယ်”ဟု ကိုမျိုးလွင်က DMG သို့ပြောသည်။

ထို့အပြင် ယခုကဲ့သို့ အာကာသစွန့်ပစ်ပစ္စည်းများ စွန့်ပစ်မည့်အချိန်တွင် သတိပေးထုတ်ပြန်ချက်သတင်းကို မသိရှိသူများရှိပါက ထိုသူများအတွက် အန္တရာယ်ရှိနိုင်သည့်အတွက် အစိုးရအနေဖြင့် အသိပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်ကြောင်း စစ်တွေဒေသခံ ဦးမိုးကျော်ကသုံးသပ်သည်။

“အခုလို မကြာခဏဆိုသလို ရခိုင့်ပင်လယ်ပြင်ကိုချည်း စွန့်ပစ်နေတာကို တာဝန်ရှိသူတွေအနေနဲ့ နှုတ်ဆိတ်မနေသင့်တော့ဘူး။ အခုကတော့ ရေထဲကျလို့တော်သေးတာပေါ့။ မတော်လို့များ ကုန်းပေါ်ကိုကျရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ စွန့်ပစ်တဲ့နိုင်ငံအနေနဲ့လည်း တာဝန်ယူမှု၊ တာဝန်ခံမှုတော့ရှိသင့်တာပေါ့” ဦးမိုးကျော်က ဆိုသည်။

ယင်းအပြင် သက်ဆိုင်ရာအစိုးရအနေဖြင့် လက်ရှိစွန့်ပစ်လိုက်သည့် အာကာသစွန့်ပစ်ပစ္စည်းတွင် မည်သည့်အရာများ ပါဝင်နေသည်ကိုလည်း ပွင့်လင်းမြင်သာစွာထုတ်ပြန်သင့်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ် ဒုတိယညွှန်ကြားရေးမှူး- Deputy Country Program Director) ဦးကျော်သင်းလတ်က ပြောသည်။

“အဲဒီစွန့်ပစ်ပစ္စည်းမှာ ဒီအတိုင်းသံထည်ချည်းပဲ ပါတယ်ဆိုတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် ရေဒီယိုသတ္ထုကြွတွေပါတယ်ဆိုရင်တော့ ဒါဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့ကိစ္စဖြစ်သွားပြီ။ ဒါကြောင့် ဒီစွန့်ပစ်ပစ္စည်းမှာ ဘာတွေပါဝင်တယ်ဆိုတာကို သိရဖို့လိုတယ်” ဟု သူကဆိုသည်။

ရခိုင်ကမ်းရိုးတန်းဒေသတွင် သန္တာကျောက်တန်းများလည်းတည်ရှိနေသည့်အတွက် အကယ်၍ စွန့်ပစ်ပစ္စည်းများအနေဖြင့် ရေနက်ပိုင်းသို့မကျရောက်ပဲ ရေတိမ်ပိုင်းသို့ကျရောက်ခဲ့ပါက တန်ဖိုးရှိသည့် သန္တာကျောက်တန်းများလည်းပျက်စီးနိုင်ကြောင်း သသာဝထိန်းရေးပညာရှင်များက ထောက်ပြပြောဆိုထားကြသည်။

ယင်းကြောင့် ယခုကျရောက်မည့်အာကာသစွန့်ပစ်ပစ္စည်းမှာ မည်သည့်အရာများ ပါဝင်နိုင်သည်ကိုသိလိုသဖြင့် DMG က ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ