ပြီးခဲ့သည့် နှစ် ၂၀ အတွင်း UFO များ အတွေ့ရများလာကြောင်း ပင်တဂွန်က အစီရင်ခံ

အမျိုးအမည် မခွဲခြားနိုင်သည့် ပျံသန်းနေသော အရာဝတ္ထု (UFO) များအား ဝေဟင်၌ မြင်တွေ့ရမှုသည် ပြီးခဲ့သော နှစ် ၂၀ အတွင်း ပိုမိုများပြားလာနေကြောင်း အမေရိကန် ထိပ်တန်း ကာကွယ်ရေးအရာရှိ တစ်ဦးက  ပြောကြားလိုက်သည်။ ရာစုနှစ်ထက်ဝက်ခန့် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့တွင်ပြုလုပ်သည့် အရပ်ဘက်ကြားနာပွဲတွင် လွှတ်တော်အမတ်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

20 May 2022

ဓာတ်ပုံ - ၂၀၂၀ ခုနှစ် ဧပြီလက ပင်တဂွန်မှထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ဖိုင်တွင် တွေ့ရသော UFO တစ်ခု။

DMG ၊ မေ ၂၀

အမျိုးအမည် မခွဲခြားနိုင်သည့် ပျံသန်းနေသော အရာဝတ္ထု (UFO) များအား ဝေဟင်၌ မြင်တွေ့ရမှုသည် ပြီးခဲ့သော နှစ် ၂၀ အတွင်း ပိုမိုများပြားလာနေကြောင်း အမေရိကန် ထိပ်တန်း ကာကွယ်ရေးအရာရှိ တစ်ဦးက  ပြောကြားလိုက်သည်။ ရာစုနှစ်ထက်ဝက်ခန့် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့တွင်ပြုလုပ်သည့် အရပ်ဘက်ကြားနာပွဲတွင် လွှတ်တော်အမတ်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သက္ကရာဇ် ၂၀၀၀ အလွန် အစောပိုင်းနှစ်တွေတည်းက စစ်တပ်လေ့ကျင့်ရေးနယ်မြေနဲ့ အခြားသော သီးသန့် လေကြောင်းပိုင်နက်တွေထဲမှာ ခွင့်ပြုချက်မရတဲ့၊ အမျိုးအမည်မသိရတဲ့ ယာဉ်တွေကို တွေ့ရှိရမှုဟာ အကြိမ်ရေ ပိုများလာနေပါတယ်” ဟု ရေတပ်ထောက်လှမ်းရေး လက်ထောက်ညွှန်ကြားရေးမှူး စကော့ဘရေးက လွှတ်တော်လုံခြုံရေး အစည်းအဝေးတွင် ပြောကြားသည်။

သို့သော်လည်း ဤဖြစ်ရပ်များနောက်ကွယ်တွင် ကမ္ဘာပေါ်မှမဟုတ်ဟု ယူဆနိုင်လောက်သည့် အနေအထားများ တစ်ခုမျှ မတွေ့ရှိရကြောင်းလည်း သူက ပြောသည်။

အခြားတစ်ဘက်တွင်မူ ဖြစ်နိုင်ခြေများကိုလည်း လုံးဝ ပယ်ချထားခြင်းမျိုးတော့ မဟုတ်ပေ။

“ဘယ်ဟာကတော့ ဟုတ်တယ် ဘယ်ဟာကတော့ မဟုတ်ဘူး ဆိုတာမျိုးတော့ ကျွန်တော်တို့ ဘာမှ ဆုံးဖြတ်ထားတာ မရှိပါဘူး” ဟု ဘရေးက ပြောသည်။

အမေရိကန်ထောက်လှမ်းရေးဌာနသည် ၂၀၂၁ ခုနှစ် ဇွန်လက အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်၌ ကောင်းကင်ယံ၌ မြင်တွေ့နေရသည့် အမျိုးအမည်မသိသော ယာဉ်များကို စစ်ဘက်ဆိုင်ရာ လေသူရဲများ မြင်တွေ့ခဲ့ရမှုများကို အတည်ပြုထားသော်လည်း ၎င်းတို့သည် ကမ္ဘာပြင်ပ အခြားတစ်နေရာရာမှ ဖြစ်သည်ဟူသည့် သက်သေ အထောက်အထားများတော့ မတွေ့ရကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဒရုန်းများ၊ ငှက်များကြောင့်လည်း ရေဒါပေါ်၌ မှားယွင်းဖော်ပြမှုများရှိနိုင်သလို တရုတ် သို့မဟုတ် ရုရှားကဲ့သို့သော နိုင်ငံများက စစ်ဘက်ဆိုင်ရာ နည်းပညာစမ်းသပ်မှုများကြောင့် မြင်တွေ့ရခြင်းမျိုးလည်း ရှိနိုင်သည်။

“အမျိုးအမည်မသိ ဖြစ်စဉ်တွေဟာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်။ သူတို့ကို ဒီပုံစံနဲ့ပဲ ကိုင်တွယ်ဖို့လိုတယ်” ဟု အင်ဒီယားနားပြည်နယ်မှ ဒီမိုကရက်ကိုယ်စားလှယ်ဖြစ်ပြီး အစည်းအဝေးဥက္ကဌလည်းဖြစ်သူ အန်ဒရေကာဆင်က ပြောကြားသည်။

အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့တို့သည် အဓိကအားဖြင့် အဆိုပါ UFO များအား အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ဖြစ်စေနိုင်ခြင်း ရှိ မရှိကို ဦးစားပေး စောင့်ကြည့်နေခြင်း ဖြစ်သည်။

ဗီဒီယိုများ