- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ပြင်သစ်သမ္မတမက်ခရွန် ဒုတိယသက်တမ်းအတွက် ရာထူးလက်ခံ
ပြင်သစ်သမ္မတ အီမာနျူရယ်မက်ခရွန်သည် ရွေးကောက်ပွဲ အောင်မြင်ပြီးနောက် မေလ ရ ရက်နေ့တွင် ဒုတိယသမ္မတသက်တမ်းအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 May 2022

DMG ၊ မေ ၉
ပြင်သစ်သမ္မတ အီမာနျူရယ်မက်ခရွန်သည် ရွေးကောက်ပွဲ အောင်မြင်ပြီးနောက် မေလ ရ ရက်နေ့တွင် ဒုတိယသမ္မတသက်တမ်းအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အီလီဆီးနန်းတော်တွင် ကျင်းပသည့် အခမ်းအနား၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ကောင်စီ ဥက္ကဌ လောရင့်ဖေးဘီးယက်စ်က မက်ခရွန်အား ဧပြီလ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသူအဖြစ် အတည်ပြုပေးပြီးနောက် ရာထူးထပ်မံအပ်နှင်းမှု စာချွန်လွှာကို တရားဝင် လက်မှတ်ရေးထိုးခဲ့သည်။
ယခုလက်မှတ်ရေးထိုးမှုသည် ပြင်သစ်တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတတစ်ဦး ဒုတိယအကြိမ် ထပ်မံအနိုင်ရရှိခြင်းလည်း ဖြစ်သည်။ နောက်ဆုံးအကြိမ် သမ္မတဒုတိယသက်တမ်း ထပ်မံအနိုင်ရရှိခဲ့သူမှာ ဂျက်ရှီးရက်ဖြစ်ပြီး ၂၀၀၂ ခုနှစ်က ဖြစ်သည်။
မက်ခရွန်သည် ၂၀၁၇ ခုနှစ်တွင် ပြင်သစ်၏ အသက်အငယ်ဆုံး သမ္မတဖြစ်လာခဲ့သည်။ မက်ခရွန်သည် ထိုစဉ်က ရဲရဲတင်းတင်း ပေးအပ်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ရင်ဆိုင်နေရသလို ယူကရိန်းတွင် ဆင်နွှဲနေသည့် ရုရှားကျူးကျော်စစ်ကိုလည်း ပါဝင်ဖြေရှင်းနေရသည်။
အီလီဆီးနန်းတော်တွင် ပြောကြားသည့် မိန့်ခွန်း၌ သမ္မတမက်ခရွန်က“ပိုမိုလှုပ်ရှားတက်ကြတဲ့ ပြင်သစ်၊ ပိုမိုအားအင်ကြီးမားတဲ့ ပြင်သစ်၊ ပိုမိုနေပျော်တဲ့ ကမ္ဘာကြီးဖြစ်အောင် တည်ဆောက်ဖို့ ကျွန်တော် သန္နိဋ္ဌာန်ပြုပါတယ်” ဟု ထည့်သွင်းပြောကြားသည်။
၎င်း၏ ပထမသက်တမ်းတွင် ဘဏ်လုပ်ငန်းရှင်များသည် တင်းမာသည့်နည်းလမ်းများ အသုံးပြုခဲ့ကြသဖြင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည့် မက်ခရွန်က ဒုတိယသက်တမ်း၌ ယခုထက်ပိုမိုပြည့်စုံပြီး နားလည်ရလွယ်သည့် အုပ်ချုပ်မှုပုံစံဖြင့် ဆောင်ရွက်သွားမည်ဟု ရည်ညွှန်းပြောကြားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။
မက်ခရွန်၏ ဒုတိယသမ္မတသက်တမ်းသည် ပထမသက်တမ်း ကုန်ဆုံးသည့် မေလ ၁၃ ရက်နေ့ညဉ့်တွင်မှ တရားဝင်စတင်မည် ဖြစ်သည်။