- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
နယူးယောက်သမင်များတွင် အိုမီခရွန်ကူးစက်မှု တွေ့ရပြီးနောက် ကိုဗစ်မျိုးကွဲသစ် ထွက်ပေါ်လာမည်ကို စိုးရိမ်နေကြ
ကူးစက်မြန် ကိုဗစ်မျိုးကွဲ အိုမီခရွန်အား နယူးယောက်မြို့ရှိ အမြီးဖြူသမင် (White-Tailed Deer) များထံတွင် စစ်ဆေးတွေ့ရှိရသဖြင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်း၌ ကောင်ရေ သန်း ၃၀ ခန့်ရှိနေသည့် အဆိုပါသမင်များအကြား ဗိုင်းရပ်စ် အသွင်ပြောင်းပြီး မျိုးကွဲအသစ်တစ်မျိုး ပေါ်ထွက်လာမည်ကို ပညာရှင်များ စိုးရိမ်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
14 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၄
ကူးစက်မြန် ကိုဗစ်မျိုးကွဲ အိုမီခရွန်အား နယူးယောက်မြို့ရှိ အမြီးဖြူသမင် (White-Tailed Deer) များထံတွင် စစ်ဆေးတွေ့ရှိရသဖြင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်း၌ ကောင်ရေ သန်း ၃၀ ခန့်ရှိနေသည့် အဆိုပါသမင်များအကြား ဗိုင်းရပ်စ် အသွင်ပြောင်းပြီး မျိုးကွဲအသစ်တစ်မျိုး ပေါ်ထွက်လာမည်ကို ပညာရှင်များ စိုးရိမ်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နယူးယောက်ရှိ စတာတန်ကျွန်း၌ သမင်ကောင်ရေ ၁၃၁ ကောင်ကို ဖမ်းဆီးပြီး သွေးနှင့် နှာခေါင်းစတစ်ရှူးများ နမူနာယူ၍ စမ်းသပ်ခဲ့ရာတွင် ၁၅ ရာခိုင်နှုန်းခန့်မှာ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်သည့် ကိုယ်တွင်းခုခံအား ရှိနေကြောင်း တွေ့ရသည်။
အဆိုပါသမင်များသည် ရှေ့တွင်လည်း ကိုဗစ်ကူးစက်မှုများ ဖြစ်ဖူးထားပြီး ကိုဗစ်မျိုးကွဲအသစ် ထပ်မံကူးစက်လျှင် ခုခံနိုင်စွမ်း နည်းပါးကြောင်း ပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်မှ သိပ္ပံပညာရှင်များပါဝင်သည့် သုတေသီများက စစ်ဆေးတွေ့ရှိထားသည်။
“တိရစ္ဆာန်တွေဆီမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေပြီဆိုရင် လူသားတွေဆီကိုပါ ပြန့်ပွားလာနိုင်ခြေကိုလည်း ထည့်တွက်ရတာပေါ့လေ။ ဒါပေမဲ့ ဒီထက်ပိုအရေးကြီးတာက ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေအကြား အဆင့်ဆင့်ပြောင်းလဲပြီး မျိုးစိတ်အသစ်တွေ ထွက်ပေါ်လာနိုင်ခြေ ပိုများတာဖြစ်ပါတယ်” ဟု တိရစ္ဆာန်ဆိုင်ရာ အဏုဇီဝဗေဒ ပညာရှင် ဆူရက်ကူချီပူဒီက ပြောသည်။
အမေရိကန်နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်မျိုးကွဲကူးစက်မှု အလွန်အမင်း မြင့်တက်နေချိန်၌ ယခုကဲ့သို့ တိရစ္ဆာန်များထံတွင် ပထမဆုံး ကူးစက်မှုကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါသမင်များထံမှ တစ်ရှူးနမူနာများသည် ကမ္ဘာတစ်ဝန်းတွင် အိုမီခရွန်ကူးစက်မှု အလွန်အမင်း မပြင်းထန်သေးမီတည်းက ရယူထားခြင်း ဖြစ်သည်။
“ဗိုင်းရပ်စ်သာ လုံးလုံးလျားလျား အသွင်ပြောင်းသွားမယ်ဆိုရင် လက်ရှိကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိလာမှာ ဖြစ်တဲ့အတွက် ကာကွယ်ဆေးတွေ အသစ်ထပ်ရှာရတော့မှာ ဖြစ်ပါတယ်” ဟု ဆူရက်ကူချီပူဒီက ဆိုသည်။
ပြီးခဲ့သောနှစ် သြဂုတ်လတွင်လည်း အိုဟိုင်းအိုးပြည်နယ်ရှိ သမင်တစ်ကောင်ထံတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့သည်။ ကိုဗစ်-၁၉ ကို ခွေး၊ ကြောင်၊ ကျား၊ ခြင်္သေ့၊ နှင်းကျားသစ်၊ ဖျံ၊ ဂေါ်ရီလာနှင့် မြွေပါများထံတွင် စစ်ဆေးတွေ့ရှိထားကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ထားသည်။