- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ဇန်နဝါရီလ ၆ ရက်နေ့ အဖြစ်အပျက်အတွက် သက်သေများကို ဒေါ်နယ်ထရမ့် တာဆီးမှုများ ရှိနေ
အမေရိကန်လွှတ်တော် အဆောက်အအုံအား ဇန်နဝါရီလ ၆ ရက်နေ့က တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကွန်ဂရက်၏ တရားစွဲဆိုမှုနှင့် ပတ်သက်ခြင်းမပြုရန် အကြီးတန်း လက်ထောက်အရာရှိဟောင်း လေးဦးအား ဒေါ်နယ်ထရမ့်က ပြောကြားမှုများ ရှိကြောင်း အမေရိကန် သတင်းမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြကြသည်။
08 Oct 2021

DMG ၊ အောက်တိုဘာ ၈
အမေရိကန်လွှတ်တော် အဆောက်အအုံအား ဇန်နဝါရီလ ၆ ရက်နေ့က တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကွန်ဂရက်၏ တရားစွဲဆိုမှုနှင့် ပတ်သက်ခြင်းမပြုရန် အကြီးတန်း လက်ထောက်အရာရှိဟောင်း လေးဦးအား ဒေါ်နယ်ထရမ့်က ပြောကြားမှုများ ရှိကြောင်း အမေရိကန် သတင်းမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြကြသည်။
ထရမ့်ထောက်ခံသူများကြောင့် ဖြစ်ပွားခဲ့ရသည့် အဓိကရုဏ်းအား စုံစမ်းစစ်ဆေးမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် အတွက် သူ၏ယခင်အကြံပေး အရာရှိဟောင်းများ ဖြစ်ကြသည့် မက်ခ်မယ်ဒိုး၊ ကက်ရှ်ပါတဲလ်၊ ဒန်စကာဗီနိုနှင့် စတိဗ်ဘန်နန်တို့အား သမ္မတဟောင်းထရမ့်က ပြောကြားခဲ့ကြောင်း Politico နှင့် The Washington Post သတင်းဌာန နှစ်ခုလုံးတွင် ဖော်ပြထားသည်။
တရားရေးဝန်ကြီးဌာနကို နှောင့်ယှက်ပြီး နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ရန် ထရမ့်ကြိုးစားခဲ့မှုကို အသေးစိတ်ဖော်ပြထားသည့် လွှတ်တော်အစီရင်ခံစာတစ်စောင် ထွက်ရှိပြီးနာရီပိုင်းအကြာတွင် ယခုသတင်းများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထရမ့်၏ ရှေ့နေများကမူ ထရမ့်၏ ဆက်သွယ်ရေးမှတ်တမ်းများကို ဖွင့်ချခြင်းမပြုလုပ်ရန် စည်းကမ်းသတ်မှတ် အကာအကွယ် ပေးထားကြောင်း အဆိုပါလေးဦးထံ စာရေးသားပေးပို့ကာ စောဒကတက်ခဲ့သည်။
ဇန်နဝါရီလ ၆ ရက်နေ့တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး အထူးကော်မတီသည် အဆိုပါဖြစ်စဉ်၌ လွှတ်တော်အဆောက်အအုံထဲသို့ ဝင်ရောက်ခဲ့သည့် ထရမ့်ထောက်ခံသူ ရာပေါင်းများစွာနှင့် ထရမ့်အိမ်ဖြူတော်အကြား ဆက်စပ်မှုကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ထရမ့်၏ အကြံပေးဟောင်း လေးဦးနှင့် အခြားသော ဆက်နွယ်ပတ်သက်သူများကို ဆင့်ခေါ်ထားသည်။
အကြံပေးဟောင်း လေးဦးသည် လာမည့်သီတင်းပတ်၌ အဆိုပါဖြစ်စဉ်နှင့် ဆက်စပ်သော စာရွက်စာတမ်းများကို စုံစမ်းစစ်ဆေးရေးမှူးများအား လွှဲပြောင်းပေးအပ်ရမည် ဖြစ်သလို မေးခွန်းများလည်း လာရောက်ဖြေဆိုပေးရမည် ဖြစ်သည်။