မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့က အမည်ပျက်နိုင်ငံအဖြစ် ကြေညာ

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force – FATF)က မြန်မာနိုင်ငံအား အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးကိစ္စရပ်များနှင့်ဆက်စပ်ပြီး အမည်ပျက်စာရင်းတွင် ထည့်သွင်းကြေညာလိုက်ကြောင်း Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 24 Oct 2022

မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့က အမည်ပျက်နိုင်ငံအဖြစ် ကြေညာ

ဓာတ်ပုံ - AP

DMG ၊ အောက်တိုဘာ ၂၂

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force – FATF)က မြန်မာနိုင်ငံအား အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးကိစ္စရပ်များနှင့်ဆက်စပ်ပြီး အမည်ပျက်စာရင်းတွင် ထည့်သွင်းကြေညာလိုက်ကြောင်း Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ငွေကြေးခဝါချမှုနှင့်အတူ အကြမ်းဖက်မှုနှင့် ဆက်စပ်နေသော ဘဏ္ဍာရေးကိစ္စရပ်များအား ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ အမည်ပျက်စာရင်း သွင်းလိုက်ခြင်း ဖြစ်ကြောင်း FATF ဥက္ကဌ ရာဂျာကူးမားက ပြောကြားသည်။

မြန်မာနိုင်ငံမှ လောင်းကစားရုံများ၊ တရားမဝင် နယ်စပ်ကုန်သွယ်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများအပေါ် အဓိက အရင်းခံ၍ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဟု ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နီးစပ်သူ အရာရှိတစ်ဦးက Nikkei Asia သတင်းဌာနသို့ ဖြေကြားသည်။ အဆိုပါဖြစ်ရပ်များသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ပိုမိုဆိုးရွားလာခဲ့ကာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများတွင် မူးယစ်ဆေးဝါးများ တင်ပို့ခြင်း၊ အွန်လိုင်း လောင်းကစားခြင်းများလည်း ပါဝင်လျက်ရှိသည်။

ယခုကဲ့သို့ အီရန်၊ မြောက်ကိုရီးယားတို့နှင့် တစ်တန်းတည်းထားကာ အမည်ပျက်စာရင်း သွင်းခံလိုက်ရသည့်အတွက် မြန်မာနိုင်ငံမှ ငွေကြေးအလွှဲအပြောင်းများသည် ယခင်ထက်ပိုများသည့် အတည်ပြုအဆင့်များကို ဖြတ်ကျော်ဆောင်ရွက်ရတော့မည် ဖြစ်သည်။

လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးအပ်နေသည့် အဖွဲ့အစည်းများ အနေဖြင့်လည်း ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှုအပိုင်းများတွင် နည်းလမ်းအသစ်များ လိုအပ်လာမည်ဟု ရန်ကုန်ရှိ နိုင်ငံတကာထောက်ပံ့ရေး အဖွဲ့တစ်ခုမှ အရာရှိတစ်ဦးက ပြောဆိုကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

“နိုင်ငံစီးပွားရေးအထိ ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှု အပိုင်းကတော့ တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဒါက နိုင်ငံတကာဘဏ်တွေနဲ့ သူတို့ရဲ့ စည်းကမ်းထိန်းသိမ်းရေးအပိုင်းက ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတဲ့အပေါ်မှာ မူတည်မယ်”ဟု မြန်မာ့အရေး လေ့လာနေသူ ဥရောပစီးပွားရေးပညာရှင်တစ်ဦးက Nikkei Asia သို့ ပြောကြားသည်။

“ဒါပေမဲ့ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ ငွေပို့ငွေလွှဲအပိုင်းမှာတော့ အချိန်ပိုကုန်ပြီး ကုန်ကျစရိတ်တွေလည်း ပိုများလာနိုင်ပါတယ်”ဟု သူကပြောသည်။

သို့သော်လည်း အခြားတစ်ဘက်တွင်မူ FATF ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင်ရှိနေသည့် တရုတ်ကုမ္ပဏီကြီးများအပေါ် အကျိုးသက်ရောက်မှုနည်းမည်ဟု ပညာရှင်တစ်ဦး၏ ပြောကြားချက်ကို Nikkei တွင် ဖော်ပြထားသည်။

တရုတ်သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မဖြစ်မီတည်းက ရှိနေခဲ့သည့် စီမံကိန်းကြီးများအား ယခုအချိန်၌ ဖြည်းဖြည်းချင်း ပြန်လည်ပတ်နေပြီဖြစ်သည်။ အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများက ၎င်းတို့၏ လုပ်ငန်းများကို မြန်မာနိုင်ငံမှ ရုပ်သိမ်းနေကြချိန်၌ တရုတ်ကုမ္ပဏီများသည် မြန်မာ့စွမ်းအင်ဈေးကွက်တွင် ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်ကလည်း FATF ၏ ဘဏ္ဍာရေးအမည်ပျက်စာရင်းတွင် ဖော်ပြခြင်း ခံခဲ့ရပြီး သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့သို့ အာဏာလွှဲပြောင်းပေးခဲ့သည့် ၂၀၁၆ ဖေဖော်ဝါရီလတွင်မှ တစ်ဆင့်လျှော့ချကာ စောင့်ကြည့်ရေးအဆင့် (Gray List) သို့ ပြောင်းလဲဖော်ပြခံရပြီးမှ ၂၀၁၆ ဇွန်လတွင် အဆိုပါစာရင်းမှ ပယ်ဖျက်ခံခဲ့ရခြင်း ဖြစ်သည်။

ဗီဒီယိုများ