တားမြစ်အလှကုန်များကို ရခိုင်က ဈေးကွက်အတွင်း တွေ့နေရဆဲ

တားမြစ်ထားသော အလှကုန်ပစ္စည်းများမှာ ဝယ်ယူသုံးစွဲမှုများပြီး ရောင်းအားသွက်နေသည့်အတွက် မြို့ပေါ်နှင့် ကျေးလက်ဒေသများအထိ ပျံ့နှံ့ရောက်ရှိနေသည်။

By Admin 18 Jul 2023

FDA တားမြစ်ထားသော အလှကုန်ပစ္စည်းတချို့ကို စစ်တွေမြို့က ဈေးဆိုင်အချို့တွင် ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
FDA တားမြစ်ထားသော အလှကုန်ပစ္စည်းတချို့ကို စစ်တွေမြို့က ဈေးဆိုင်အချို့တွင် ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၈

သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က တားမြစ်ထုတ်ပြန်ထားသည့် အလှကုန်ပစ္စည်းများကို ရခိုင်ဈေးကွက်၌ တွင်တွင်ကျယ်ကျယ် ရောင်းချမှုများ ရှိနေသည်။

ဈေးကွက်အတွင်း ရောင်းချနေသော Huncihbeauty၊ Comfor Beauty နုတ်ခမ်းနီ အမျိုးအစားများ၊ Via letvass eye shadow၊ NOVO Eye Shadow၊ Anylady Eye shadow မျက်လုံးအရောင်ခြယ်ပစ္စည်းများ၊ AIFUBAO Whitening Night Cream၊ Sky Pearl Cream၊ QIANLI Cream၊ Beauty Lady Whitening cream စသည့် အလှကုန်ပစ္စည်းများမှာ ရောဂါဖြစ်နိုင်သည့်အတွက် မသုံးစွဲရန် FDA က တားမြစ်ထားသည်။

ထိုပစ္စည်းများမှာ အသားအရည်ကို ထိခိုက်ပျက်စီးစေသော Steroid ပါရှိသဖြင့် သုံးစွဲလျှင် ခန္ဓာကိုယ် ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ မျက်နှာပေါ်တွင် အဖြူအနီကွက်များ ဖြစ်တတ်ပြီး ကြာရှည်သုံးစွဲပါက အရေပြားကင်ဆာ ဖြစ်လာနိုင်ကြောင်း FDA က ထုတ်ပြန်ထားသည်။

အဆိုပါ အလှကုန်ပစ္စည်းများမှာ ဝယ်ယူသုံးစွဲမှုများပြီး ရောင်းအားသွက်နေသည့်အတွက် မြို့ပေါ်နှင့် ကျေးလက်ဒေသများအထိ ပျံ့နှံ့ရောက်ရှိနေသည်။

စစ်တွေမြို့မဈေးကြီးတွင် အလှကုန်ပစ္စည်းရောင်းချနေသူ အမျိုးသမီးတစ်ဦးက “ ဒီပစ္စည်းတွေကတော့ နယ်ဘက်က လက်လီလက္ကား အများကြီး ဝယ်သုံးကြတယ်။ တင်းတိမ်၊ အမဲစက်တွေလည်း ပျောက်တဲ့အတွက် အများသုံးကြတာ။ တစ်ပတ်လောက် လိမ်းလိုက်တာနဲ့ မျက်နှာအသားရည်တွေ ကွာသွားပြီး သိသိသာသာ ဖြူလာတယ်။ ဒီပစ္စည်းတွေက ဆိုင်တိုင်းလိုလိုမှာတော့ ဝယ်ယူလို့ရပါတယ် ” ဟု ပြောသည်။

FDA တားမြစ်ထားသော အလှကုန်ပစ္စည်းကို စစ်တွေမြို့က ဈေးဆိုင်အချို့တွင် တွေ့ရစဉ်။

ရခိုင်ဈေးကွက်အတွင်း ရောင်းချနေသော FDA က တားမြစ်ထားသည့် အလှကုန်ပစ္စည်းများမှာ ကာလပေါက်ဈေးအရ ကုန်ပစ္စည်းတစ်ခုကို အများဆုံး ငွေကျပ်ငါးထောင်ဝန်းကျင်သာရှိပြီး အချိန်တိုအတွင်း အသားအရည် သိသိသာသာပြောင်းလဲမှုရှိကြောင်း သုံးစွဲသူများကဆိုကြသည်။

စစ်တွေမြို့၊ မင်းဂံအကွက် ၉ ရပ်ကွက်မှ မဖြူဖြူက “အသားဖြူတယ်။ တင်းတိတ်၊ အမဲစက်တွေကို ပျောက်တယ်။ ဘယ်လိုမျိုး ဆိုးကျိုးရှိလည်းဆိုတာကိုတော့ မသိဘူး။ အသားအရည်တွေ ပါးသွားတာကိုတော့ သိတယ်။ အဲဒါကိုလိမ်းထားရင် နေပူပြင်ထဲ မထွက်နိုင်ဘဲ အရမ်းဆာတယ်” ဟု ဆိုသည်။

တစ်ခါသုံးစွဲပြီးသည်နှင့် ဆက်တိုက်သုံးစွဲရကာ သုံးစွဲမှုရပ်တန့်လိုက်ပါက နဂိုအသားအရည်ထက် ပိုမိုညစ်ညမ်းသွားသည်ဟု မဖြူဖြူက ဆက်ပြောသည်။

ပြည်သူများ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို ဆက်လက်၍ ဈေးကွက်အတွင်း ရောင်းချမှု ရှိနေခြင်းမှာ သက်ဆိုင်ရာမှ အသိပညာပေးမှု အားနည်းခြင်း၊ ထိရောက်သော အရေးယူမှု မရှိခြင်းတို့ကြောင့်ဟု ဒေသခံများကပြောသည်။

“ရောင်းတဲ့သူတွေ ရှိနေသရွေ့ သုံးစွဲတဲ့သူတွေက သုံးစွဲနေမှာပဲ။ ရောင်းတဲ့သူတွေ မရှိအောင် လုပ်မှပဲ သုံးစွဲသူတွေ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ မသုံးသင့်တဲ့အကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုတယ်။ ရခိုင်မှာဆိုရင် အဓိကပင်မဖြစ်တဲ့ စစ်တွေစျေးကြီးမှာ ရောင်းချသူတွေကို တားမြစ်ရမှာ ဖြစ်ပါတယ်” ဟု မြောက်ဦးမြို့ခံ မလှလှက ပြောသည်။

ရခိုင်ပြည်ဈေးကွက်အတွင်း တားမြစ်ထားသော အလှကုန်ပစ္စည်းများ ရောင်းချမှုရှိနေသော်လည်း စားသောက်ကုန်ပစ္စည်းကို အဓိကလုပ်ဆောင်နေရ၍ ကွင်းဆင်းစစ်ဆေးမှု မလုပ်နိုင်သေးခြင်းဖြစ်ကြောင်း FDA က ပြောဆိုသည်။

“မုန်တိုင်းလွန်ကာလမှာတော့ ရေနဲ့အစားအသောက်ပိုင်းကို အဓိကထား စစ်ဆေးနေပါတယ်။ စားသုံးဖို့ မသင့်တော်တဲ့ အစားသောက်တွေကို စစ်ဆေးတယ်။ တခြားစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ အတွက်ကြောင့်မို့ ဒီတားမြစ် အလှကုန်တွေကိုတော့ လိုက်လံမစစ်ဆေးနိုင်တဲ့ အခြေအနေမှာရှိပါတယ်” ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ တင်ကိုဝင်းက ပြောသည်။

#R010

ဗီဒီယိုများ