တားမြစ်ဆေးဝါးနှင့် အလှကုန် ရောင်းချနေမှုကို မြောက်ဦးတွင် စစ်ဆေးတွေ့ရှိ

FDA ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မြောက်ဦးဈေးကြီးအတွင်း ဇူလိုင် ၂၄ နှင့် ၂၅ ရက်က စစ်ဆေးရာ၌ တားမြစ်ကုန်ပစ္စည်းရောင်းချနေသည့် ဆေးဆိုင် (၅) ဆိုင်နှင့် အလှကုန်ဆိုင် (၂) ဆိုင်ကို တွေ့ရှိခဲ့သည်။

By Admin 26 Jul 2023

မြောက်ဦးဈေးကြီးတွင် FDA နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့က တွေ့ရစဉ်။
မြောက်ဦးဈေးကြီးတွင် FDA နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၆

မြောက်ဦးမြို့ရှိ မြို့မဈေးကြီးတွင် ကန့်သတ်တားမြစ်ထားသည့် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိရသည်။

FDA ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မြောက်ဦးဈေးကြီးအတွင်း ဇူလိုင် ၂၄ နှင့် ၂၅ ရက်က စစ်ဆေးရာ၌ တားမြစ်ကုန်ပစ္စည်းရောင်းချနေသည့် ဆေးဆိုင် (၅) ဆိုင်နှင့် အလှကုန်ဆိုင် (၂) ဆိုင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“FDA က ထုတ်ပြန်ထားတဲ့ တရားမဝင်ဆေးနဲ့ သက်တမ်းလွန်ဆေးတွေ တွေ့ခဲ့တယ်။ ဆေးဝါးမှတ်ပုံမတင်ထားတာလည်း တွေ့ခဲ့တယ်။ သုံးစွဲရန်မသင့်လို့ ရောင်းချဖို့တားမြစ်ထားတဲ့ အလှကုန်ပစ္စည်းတွေလည်း တွေ့ခဲ့ပါတယ်။ လက်ရှိမှာ သူတို့တွေ ခံဝန်ထိုးထားတယ်၊ နောက်နောင် မရောင်းဖို့ပေါ့။ ထပ်တွေ့ရင် ဥပဒေအရ အရေးယူဆောင်ရွက်မှာပါ” ဟု ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာ တင်ကိုဝင်းက DMG ကို ပြောသည်။

မြောက်ဦးမြို့တွင် လိုင်စင်သက်တမ်းကုန်သွားသည့် ရေသန့်စက်ရုံနှင့် လိုင်စင်မရှိသည့် ရေသန့်စက်ရုံ (၃) ခုကိုလည်း FDA က စစ်ဆေးတွေ့ရှိခဲ့ပြီး လိုင်စင်ပြုလုပ်ရန် အချိန်တစ်လပေးခဲ့ကာ လိုက်နာမှုမရှိပါက အရေးယူမည်ဟု သတိပေးခဲ့သည်။

ရခိုင်ပြည်အတွင်း တားမြစ်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိကို မြို့နယ်အားလုံးတွင် ကွင်းဆင်းစစ်ဆေးသွားမည်ဟု FDA က ပြောဆိုထားသော်လည်း ဈေးကွက်အတွင်း FDA ထောက်ခံချက်မပါသော စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား ရောင်းချနေမှုများကို တွင်တွင်ကျယ်ကျယ်တွေ့လာရကြောင်း ဒေသခံများက ပြောကြသည်။

“ကျနော်အပါအဝင် တခြားလူတွေဆိုရင်လည်း စားသောက်ကုန်တစ်ခုခု ဝယ်မယ်ဆိုရင် Date ကိုပဲ ကြည့်တယ်။ FDA ထောက်ခံချက်ကို မကြည့်ဖြစ်ဘူး။ ထောက်ခံချက်မပါတဲ့ စားသောက်ကုန်တွေကို ဈေးကွက်ထဲမှာ မရောင်းချစေချင်ဘူး။ အဲဒီစားသောက်ကုန်တွေကို စားသုံးမိရင် ကျန်းမာရေးလည်း ထိခိုက်မယ်” ဟု စစ်တွေမြို့ခံ ကိုကျော်သန်းက ပြောသည်။

ကန့်သတ်တားမြစ်ထားသည့် အလှကုန်ပစ္စည်း၊ အစားအသောက်၊ ဆေးဝါးများကို သုံးစွဲလျှင် ကင်ဆာ၊ အစာအိမ်၊ ကျောက်ကပ်၊ အသည်း ပျက်စီးစေသော ရောဂါများဖြစ်ပွားစေနိုင်ကြောင်း FDA က ပြောကြားထားသည်။

ဈေးကွက်အတွင်း တားမြစ်ကုန်ပစ္စည်းများ ရောင်းချနေခြင်းများကို တားဆီးနိုင်ရန်အတွက် FDA က တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“အစားအသောက်တွေကို သုတေသနပြုပြီးထုတ်တာထက် ကိုယ့်စိတ်တိုင်းကျထုတ်ပြီး ဖြန့်ဝေကြတယ်။ စားသုံးသူတွေကလည်း စားနေကြတော့ မဖြစ်သင့်တဲ့ရောဂါတွေ ဖြစ်ကြတယ်။ အဲဒါကြောင့် FDA အနေနဲ့ ရခိုင်ကမြို့နယ်တိုင်းမှာ ရုံးစိုက်ပြီး အစားအသောက်တွေကို စနစ်တကျ ကွပ်ကဲစေချင်တယ်” ဟု ပေါက်တောမြို့နယ်၊ ယာတိုက်ကျေးရွာမှ ဒေါ်တင်ဌေးက ပြောသည်။

တားမြစ်ထားသည့် ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုတွေ့ရှိပါက ပြည်သူများအနေဖြင့် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ပြောဆိုထားသည်။

#R005 

ဗီဒီယိုများ