သဲခုံရွာတွင် သန့်ရှင်းသောသောက်သုံးရေ မရရှိသဖြင့် ကလေးအပါအဝင် လူကြီးများပါ ဝမ်းရောဂါနှင့် အရေးပြားရောဂါ ဖြစ်ပွားနေ

ပြီးခဲ့သည့် ၂၀၂၂ ခု၊ အောက်တိုဘာလက စီထရွန်မုန်တိုင်း တိုက်ခတ်မှုကြောင့် သဲခုံကျေးရွာအတွင်း ပင်လယ်ရေများဝင်ရောက်ခဲ့ရာမှ သောက်သုံးရေများ မသန့်ရှင်းဘဲဖြစ်နေရသည်မှာ ယခုဆိုလျှင် ၅ လအထိ ကြာမြင့်လာပြီဖြစ်သည်။

By Admin 16 Feb 2023

သဲခုံကျေးရွာတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါဖြစ်ပွားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
သဲခုံကျေးရွာတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါဖြစ်ပွားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၁၆

မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် သန့်ရှင်းသောသောက်သုံးရေ မရရှိသည့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် ကလေးများအပါအဝင် လူကြီးများပါ ဝမ်းရောဂါနှင့် အရေးပြားရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခု၊ အောက်တိုဘာလက စီထရွန်မုန်တိုင်း တိုက်ခတ်မှုကြောင့် သဲခုံကျေးရွာအတွင်း ပင်လယ်ရေများဝင်ရောက်ခဲ့ရာမှ သောက်သုံးရေများ မသန့်ရှင်းဘဲဖြစ်နေရသည်မှာ ယခုဆိုလျှင် ၅ လအထိ ကြာမြင့်လာပြီဖြစ်သည်။

သန့်ရှင်းသောသောက်သုံးရေ မရရှိသဖြင့် သဲခုံကျေးရွာသားများမှာ အရေပြားတွင် အနာများ ပေါက်သည့်အပြင် အသက် ၅ နှစ်အောက် ကလေးငယ် ၁၀ ဦးကျော်မှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားကာ အချို့ကလေးများမှာ ဆေးရုံတက်ရောက်ကုသရသည်အထိ ဖြစ်နေသည်ဟု ကျေးရွာသားများက ပြောသည်။

“ရေကန်တူးရင်လည်း ဆားငံရေပဲထွက်တော့ ရွာအထက်ပိုင်း ဂြင်းချောင်းကျေးရွာကနေ ရေကို ဝယ်ယူရတယ်။ သူတို့ ရောင်းဖို့မလာရင် ဆားငံရေပဲ သောက်ရတယ်။ အဲတော့ ကလေးတွေအန်ပြီး ဝမ်းလျှောကြတယ်။ ပြီးရင် အစာမစားပဲ ရေပဲသောက်ဖို့ တောင်းကြတယ်။ တချို့ကလေးတွေဆိုရင် စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်”ဟု သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘထွန်းက ပြောသည်။ 

ဘင်္ဂလားပင်လယ်‌ဝတွင် တည်ရှိသည့် သဲခုံကျေးရွာသည် မုန်တိုင်းဒဏ်ကြောင့် ကမ်းပါးပြိုကျခြင်း၊ နေအိမ်ပျက်စီးခြင်းများကို နှစ်စဉ်ကြုံတွေ့နေရသည့် ကျေးရွာလည်းဖြစ်သည်။ စီထရွန်မုန်တိုင်းကြောင့် သဲခုံကျေးရွာအတွင်း ပင်လယ်ရေ ၃ ပေကျော်အထိ မြင့်တက်ခဲ့ကာ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရသည်။

အဆိုပါမုန်တိုင်းကြောင့် သဲခုံကျေးရွာသားများ သုံးစွဲနေကြသည့် ရေကန်များမှာ ဆားငံရေများ ဝင်ရောက်သွား၍ ရေတွင်းအသစ်များ ထပ်မံတူးဖော်ပါကလည်း ဆားငံရေများသာ ထွက်ရှိသဖြင့် သောက်သုံးရေ မသန့်ရှင်းမှုနှင့် ကြုံတွေ့နေကြရသည်။

“ရေက မသန့်တာကြောင့် အရေပြားပေါ်မှာ အနာတွေပေါက်တယ်။ ကလေးတွေမှာရော၊ လူကြီးတွေမှာရော တစ်ရွာလုံးနီးပါး ဖြစ်နေကြတာ။ ရေကမကောင်းဘူး၊ ဆပ်ပြာတိုက်ရင်လည်း အမြှုပ်မထွက်ဘူး” ဟု သဲခုံကျေးရွာမှ ဦးစိန်လှဦးက ပြောသည်။

သောက်သုံးရေ မသန့်ရှင်းမှုကြောင့် သဲခုံကျေးရွာသားအချို့မှာ ရေသန့်ဗူးများကို စစ်တွေမြို့မှ ဝယ်ယူသောက်သုံးကြသော်လည်း ငွေကြေးမတတ်နိုင်သည့် ကျေးရွာသားအများစုမှာ ဆားငံရေကိုသာ သောက်သုံးနေကြရကြောင်း သိရသည်။

“ရွာမှာက ဆားငံရေပဲထွက်တော့ ပိုက်ဆံရှိရင် ရေကို ဝယ်ပြီးသောက်လို့ရတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့အခါ ရွာမှာရှိတဲ့ရေကိုပဲ သောက်ရတယ်။ အဲတော့ ကလေးတွေက ဝမ်းလျှောဝမ်းရောဂါတွေဖြစ်တယ်။ တစ်ဖက်မှာလည်း ရွာမှာ ငါးတွေ နေလှန်းကြတယ်။ အဲတော့ အနံ့နံပြီး ကလေးတွေအန်တယ်။ အခု ကလေးက အန်တာတော့ သက်သာသွားပြီ။ ဒါပေမယ့် ဝမ်းလျှောနေသေးတယ်။ အဓိက ဝမ်းလျှောတာက ရေမကောင်းလို့ပေါ့” ဟု စစ်‌တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် သဲခုံကျေးရွာမှ ကလေးငယ်တစ်ဦး၏ မိခင် ဒေါ်သန်းသန်းဝေက ပြောသည်။

သဲခုံကျေးရွာတွင် သောက်သုံးရေ မသန့်ရှင်းသည့်ကိစ္စကို တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းပေးရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘထွန်းက တောင်းဆိုသည်။

“ကျနော်အနေနဲ့ တောင်းဆိုချင်တာက ရေသန့် ဘယ်လိုရနိုင်မလဲဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လာရောက်ပြီး ကြည့်စေချင်တယ်။ နောက်ပြီးရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးပေးခန်းလေးတစ်ခု ထားပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

သဲခုံကျေးရွာသည် စစ်တွေမြို့၏ တောင်ဘက် ၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော်နှင့် လူဦးရေ ၂,၀၀၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။ ဒေသခံများမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

#I001

ဗီဒီယိုများ